
ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်းခရိုင် စမွတ်စခွန်းမြို့မှာ တရားမဝင်မြန်မာလုပ်သားတွေကို အခန်းငှားပေးတဲ့ မြန်မာအမျိုးသမီးတယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
ဒီမတိုင်ခင်က တာဝန်ရှိသူတွေဟာ တရားမဝင် ဝင်ရောက်လာတဲ့ အလုပ်သမားတွေ ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ ပွဲစားတွေကို ဆက်လက် စုံစမ်းထောက်လှမ်းခဲ့တယ်လို့ ဆိုပါတယ်။
တရားမဝင် ဝင်လာသူတွေကို လုပ်ငန်းခွင်အသီးသီး မပို့ဆောင်ခင် စမွတ်စခွန်းမြို့ ခုတ်ခမ်ရပ်ကွက်ရှိ အငှားအိမ်ခန်းတွေမှာ ယာယီသိုဝှက်ထားကြောင်း သတင်းရတာကြောင့် ခရိုင်တရားရုံး ဖမ်းဝရမ်းစာနဲ့ မတ် ၂၅ ရက်က အဆိုပါနေအိမ်ကို သွားရောက်စစ်ဆေးခဲ့တယ်လို့ စမွတ် စခွန်းခရိုင် လဝက ရဲမှူးကြီး ဆုမိတ် ကျိန်းနုန်းဖိထတ်က သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီအိမ်ကနေ အသက် ၃၈ နှစ်ရွယ် မြန်မာအမျိုးသမီး ခင်စန်းကြည် ဆိုသူကို ဖမ်းဆီးရမိပြီး တရားမဝင်လုပ်သားတွေအတွက် နေထိုင်ဖို့ အခန်းစီစဉ်ငှားရမ်းပေးသူ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
သူဟာ အခန်းငှားပေးရုံတင်မကဘဲ မြန်မာပြည်ကနေ ထိုင်းမှာ အလုပ်လာလုပ်လိုသူတွေကို ရှာဖွေတာ၊ ထိုင်းထဲ ဝင်လာလို့ရအောင် ခေါ်ဆောင်တာတွေမှာ အဓိကကျတဲ့ ဦးဆောင်သူတယောက် ဖြစ်တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
လောလောဆယ် သူ့ကို ခုတ်ခမ်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားမဝင် လုပ်သားတွေ ဖမ်းဆီးမခံရအောင် ကူညီသိုဝှက်ထားပေးမှုနဲ့ ကနဦးအမှုဖွင့်ထားတယ်။
နယ်မြေထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်လုပ်ကိုင်မှုတွေ လျော့ပါးရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူတွေအနေနဲ့ မျက်စိဖွင့်၊ နားစွင့်ကာ ပူးပေါင်းပါဝင်ပြီး သက်ဆိုင်ရာကို တိုင်တန်းပေးဖို့ ရဲမှူးကြီးက မေတ္တာရပ်ခံပြောကြားသွားပါတယ်။
Source: JoCho News








