DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် အပူချိန်မြင့်မားမှုကြောင့် နောက်ဆက်တွဲရောဂါများဖြင့် အသက်သေဆုံးသည်အထိ ဖြစ်နေ
DVB
·
April 21, 2023
မြန်မာတွင် အပူချိန်မြင့်မားမှုကြောင့် နောက်ဆက်တွဲရောဂါများဖြင့် အသက်သေဆုံးသည်အထိ ဖြစ်နေ
Donate to DVB

ဧပြီလလယ်ပိုင်းကစလို့ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ အပူချိန်မြင့်မားတဲ့ပြဿနာ ကြုံတွေ့ရပြီး အပူချိန်မြင့်မားမှုကြောင့် မြန်မာနိုင်ငံက ဒေသတချို့မှာ ရေရှားပါးတဲ့ ပြဿနာ၊ လျှပ်စစ်မီးမမှန်တဲ့ ဒုက္ခနဲ့ အပူဒဏ်ကြောင့် နောက်ဆက်တွဲ ရောဂါတွေ၊ သေဆုံးတာတွေ ရှိနေပါတယ်။

အခုလို အပူချိန်များတာကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာ ရေရှားပါးတဲ့ ပြဿနာနဲ့ သက်ကြီးရွယ်အိုတွေ ရုတ်တရက်သေဆုံးတာ၊ ခေါင်းမူးတာ၊ ကလေးငယ်တွေ ဆေးရုံဆေးခန်း ပြရတဲ့ ပြဿနာတွေ ကြုံနေတယ်လို့ ညောင်ဦးအခြေစိုက် လူမှုကူညီကယ်ဆယ်ရေး အသင်းဆီက သိရပါတယ်။

ညောင်ဦး လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “လက်ရှိမှာတော့ အပူချိန်နဲ့ ပတ်သက်လို့ ခံစားနေရတာက မိုးခေါင်ရေရှားတာပေါ့။ ရက်ချိန်မမှန်တာနဲ့ သောက်သုံးရေ အခက်အခဲ ပြဿနာပေါ့။ ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်။ သက်ကြီးရွယ်အိုတွေဆို ရုတ်တရက် သေဆုံးတာတို့၊ ခေါင်းမူးတာတို့ အဲဒါမျိုးတွေ ခံစားနေရတာ။ ကျနော်တို့ ပုဂံညောင်ဦး အပူချိန်က မနေ့ကဆို ၄၄၊ ၄၅ ဒီဂရီရှိတယ်။ အခုကတော့ အဓိက သောက်သုံးရေ ရှားပါးမှုဒဏ် ခံနေရတယ်။ လျှပ်စစ်မီးကလည်း ၂၄ နာရီမှာ ၁ နာရီလောက်ပဲရတယ်။ ရွာဘက်တွေမှာဆို လုံးဝ သောက်သုံးရေမရှိတော့ဘူး။ မီးမလာတော့ မြစ်ရေ ဆင်းမပေးနိုင်တော့ဘူး။ အဓိက အဲ့လို အခက်အခဲတွေ ရှိတယ်။ နေအပူချိန် တအားမြင့်တော့ သက်ကြီးပိုင်းတွေက ခေါင်းကိုက်တာတို့ ခေါင်းမူးတာတွေပေါ့။ ကလေးတွေကကျတော့ ပူလွန်းတော့ မနေနိုင်ဘူး။ အပူဒဏ်မခံနိုင်ဘူး။ ကလေးတွေဆို ဆေးခန်းပြနေရတယ်။ ရာသီဥတုက တအားပူတယ်။ ကျနော်တို့ ပုဂံ ညောင်ဦးက အမြင့်ဆုံးပဲ။ ၄၅၊ ၄၄၊ ၄၀ အောက်ကို မဆင်းဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဧပြီ ၁၉ ရက်အထိ နောက်ဆုံးတိုင်းတာချက်အရ ထူးခြားတဲ့ နေ့အပူချိန်တွေအနေနဲ့ မကွေးတိုင်း၊ ချောက်မြို့မှာ ၄၅ ဒီဂရီစင်တီဂရိတ်နဲ့ ကလေးဝ၊ တမူး၊ မင်းကင်း၊ မုံရွာ၊ မြင်းမူ၊ မန္တလေး၊ မြင်းခြံ၊ ညောင်ဦး၊ ဘော်လခဲနဲ့ ဖားဆောင်းမြို့တို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်အထိ အမြင့်ဆုံးရှိခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အပူချိန်မြင့်မားမှုကြောင့် ရေဓာတ်ခန်းခြောက်တာ၊ ကြွက်တက်တာ၊ အပူဒဏ်ကြောင့် မေ့မြောတာ စတဲ့လက္ခဏာတွေ ခံစားရနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ နှလုံးသွေးကြောရောဂါ၊ တခြား နာတာရှည်ရောဂါတွေလည်း ပိုဆိုးနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။

အပူချိန် အရမ်းမြင့်တဲ့အချိန်မှာ နေအိမ်ထဲမှာလည်း အပူရှပ်ပြဿနာ ခံစားရနိုင်တာကြောင့် ဆောင်ရန် ရှောင်ရန် အချက်တွေကို ဆရာဝန်တယောက်က ပြောပါတယ်။

“အိမ်ထဲမှာနေပေမဲ့လည်း အပူရှပ်ပြဿနာကို ခံစားရနိုင်တယ်။ အပူရှပ်တယ်ဆိုတာ နေကြောင့်မဟုတ်ဘူး။ အိမ်ထဲမှာနေရင်လည်း အပူရှပ်ပြဿနာ ဖြစ်နိုင်တယ်။ ကလေးတွေဆို ဒီရာသီမှာ မိတ်ပိုထွက်တယ်။ မိတ်ထွက်တဲ့ပြဿနာကနေ အပူရှပ်တာကနေ အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်တယ်။ အိမ်ထဲမှာနေရင်းလည်း ချွေးထွက်ရင်း အပူရှပ်နိုင်တယ်။ အပူရှပ်ရင် ဘာတွေဖြစ်မလဲ။ ပထမ ချွေးထွက်တာကနေ ချွေးလုံးဝ မထွက်တော့ဘူး။ ချွေးမထွက်တော့ပေမဲ့ ခန္ဓာကိုယ်ကြီးက ပူနေတယ်။ အဲဒါ ရှေ့ပြေးလက္ခဏာပဲ။ အပူချိန် အရမ်းပူတာကနေ ခေါင်းမခံမရပ် ကိုက်လာတယ်။ လူအရမ်းနုံးလာတယ်ဆို အပူရှပ်တဲ့ ရှေ့ပြေးလက္ခဏာပဲ။ ဒီလိုလက္ခဏာတွေ ကြုံလာရင် ရေနဲ့ ဓာတ်ဆားဓာတ်ကို အမြန်ဖြည့်ရမယ်။ ရေကို သတိတရသောက်ဖို့ အရေးကြီးပါတယ်။ တနေ့ကို အနိမ့်ဆုံး ရေဖန်ခွက် ၆ ခွက်ကနေ ၈ ခွက်ကြား သောက်ပေးရမယ်။ ရေများများသောက်ရမယ်။ နောက်တခုက ချွေးထွက်အရမ်းများနေရင် ဓာတ်ဆားဖြည့်ရမယ်။ ကဖင်းဓာတ်များတဲ့ energy drinks တွေ မသောက်နဲ့။ ဒါကို သေချာလေး ဂရုစိုက်ရမယ်။”

ဒီနှစ်ဟာ အပူချိန် စံချိန်တင်မြင့်တက်တဲ့ နှစ်တနှစ်ဖြစ်ပြီး ဧပြီ ၁၉ ရက်ကနေ မေလ ၁ ရက်နေ့အထိ ကာလအတွင်းက အမြင့်ဆုံးဖြစ်သွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ပြင်းထန်အပူဒဏ်ကြောင့် အရွယ်မတိုင်ခင် သေဆုံးခြင်းနဲ့ မသန်စွမ်းခြင်းတို့ ဖြစ်စေပြီး အပူဒဏ်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြည်သူတွေ လိုက်နာလုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013