
မြန်မာ့ရေပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဧပြီ ၁၉ ရက်က မနက်က ရိုဟင်ဂျာ အယောက် ၇၀ ကို ခေါ်လာသူ ၇ ယောက်နဲ့အတူ စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မြန်မာရေပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မနေ့မနက်က ဝါးခယ်မ၊ ပုသိမ်၊ ပြည်၊ ဒလ၊ တွံတေးမြို့နယ်တို့မှ ရခိုင်လူမျိုး ၇ ဦး မောင်းနှင်လာတဲ့ စက်လှေကို စစ်ကောင်စီရေတပ်က စစ်ဆေးခဲ့ရာ စက်လှေအတွင်း ပုန်းခိုလိုက်ပါတဲ့ ရိုဟင်ဂျာ အေယာက် ၇၀ ကို ဖမ်းဆီးရမိခဲ့တာလို့ စစ်တပ်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“တနင်္သာရီတိုင်းကနေ ခေါ်လာတာ၊ ခေါ်လာတဲ့သူတွေကလည်း အရင်က လိုက်ပို့ဖူးတဲ့သူတွေ၊ ရေလမ်းကနေ နိုင်ငံခြားကို ပို့ပေးတာလို့ ပြောတယ်။”
ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ အမျိုးသား ၅၈ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက်ကို ငပုတောမြို့နယ် အရှေ့ပိုင်းရပ်ကွက် နိဗ္ဗာန်လမ်းရှိ ကောင်းသန့် ရေသန့်ဂိုဒေါင်မှာ စစ်တပ်၊ ရဲ စတဲ့ လုံခြုံရေးအစောင့်တွေချထားကာ စောင့်ကြည့်နေတယ်လို့ ငပုတောမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီနေ့မနက်မှ ငပုတောကို ရောက်လာတာ၊ စစ်တပ်က ရိုက်တာတွေ ဘာတွေလုပ်တယ်၊ ခေါ်လာတဲ့သူ ၇ ဦးကို တခြားနေရာ ခေါ်သွားတယ်။”
ခေါ်လာသူ ရခိုင်လူမျိုး ၇ ဦးကို ငပုတောမြို့မရဲစခန်းမှာ ဖမ်းဆီးထားကာ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ ငပုတောမြို့ခံတွေဆီက သိရပါတယ်။