DVB Logo
Home
မြန်မာသတင်း
ThaiBev၊ Heineken နှင့် Carlsberg ဘီယာတို့က တနှစ်အတွင်း စစ်အုပ်စုကို အခွန်ငွေ ကျပ်သန်း ၂၅၀ ပေးနေ
DVB
·
April 20, 2023
ThaiBev၊ Heineken နှင့် Carlsberg ဘီယာတို့က တနှစ်အတွင်း စစ်အုပ်စုကို အခွန်ငွေ ကျပ်သန်း ၂၅၀ ပေးနေ
1 / 4
Donate to DVB

မြန်မာနိုင်ငံက ThaiBev၊ Heineken နဲ့ Carlsberg ကုမ္ပဏီတွေဟာ တနှစ်လုံးစာ အခွန်အဖြစ် ကျပ်ငွေ သန်း ၂၅၀ ကို ပေးသွင်းနေပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ငွေကြေး ထောက်ပံ့နေတယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ယမကာလုပ်ငန်းစုကြီးတွေဖြစ်ကြတဲ့ Heineken ၊ Carlsberg နဲ့ ThisBev တို့ဟာ မြန်မာ စစ်အုပ်စုကို အခွန်ငွေ ဒေါ်လာ သန်းပေါင်းများစွာ ပေးနေတဲ့အကြောင်း Justice For Myanmar က Distributed Denial of Secrets က ထုတ်ပြန်ထားတဲ့ အခွန်စာရင်းတွေကို စုံစမ်းစစ်ဆေးပြီး ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Heineken၊ Carlsberg နဲ့ ThaiBev တို့က မြန်မာပြည်သူတွေအပေါ်  စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူအပြစ်ပေးခံရခြင်း အလျှင်းမရှိဘဲ ကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်း မြန်မာစစ်အုပ်စုထံ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာနဲ့ ညီမျှတဲ့ နှစ်စဉ်အခွန်ငွေတွေ ပေးသွင်းလျက် ရှိပါတယ်။ တရားမဝင် စစ်အုပ်စုက သူတို့ရဲ့ လူသတ်၊ လုယက်ဖျက်ဆီး စစ်ဆင်ရေးကို အသက်ဆက်နိုင်ဖို့ အခွန်ဝင်ငွေကို အသည်းအသန်လိုအပ်နေပြီး၊ ယမကာလုပ်ငန်းကြီးတွေဆီက ဒီအခွန်ငွေတွေက ပြည်သူတွေကို တိုက်ခိုက်ရာမှာ လိုအပ်တဲ့ ဗုံးတွေ၊ ကျည်ဆန်တွေနဲ့ လေယာဉ်ဆီတွေအတွက် ငွေကြေးကူညီပေးနေတာ ဖြစ်ပါတယ်။ ဘီယာနဲ့  အရက်သေစာ အမျိုးမျိုးအတွက် အထူးကုန်စည်ခွန်တရပ် ရှိတာကြောင့် မြန်မာနိုင်ငံရှိ Heineken၊ Carlsberg နဲ့ ThaiBev တို့ရဲ့ အခွန်ငွေ အမြောက်အမြားကို စစ်အုပ်စုက ရရှိနေပါတယ်။ ဒီငွေတွေက မြန်မာပြည်သူတွေ ပိုင်ဆိုင်တဲ့ ဘဏ္ဍာငွေတွေ ဖြစ်ပြီး၊ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ပေးချေသင့်ပါတယ်။ အဲဒီအစား Heineken၊ Carlsberg၊ ThaiBev နဲ့ LOTTE တို့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ညွှန်ကြားချက်များကို လျစ်လျူရှုလျက်ရှိပြီး၊ တရားမဝင်စစ်အုပ်စုအတွက် ဘဏ္ဍာရေးဖြည့်တင်းပေးကာ စစ်အုပ်စုရဲ့ နိုင်ငံတရာရာဇဝတ်မှုတွေမှာ ကိုယ်တိုင် ကြံရာပါ ပတ်သက်စေရုံတင်မက ဒီမိုကရေစီကိုလည်း ယုတ်လျော့ပျက်စီးစေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာကနေ ဒီဇင်ဘာလအထိ ရရှိထားတဲ့ အခွန်စာရင်းတွေကို လေ့လာဆန်းစစ်ရာမှာ အဆိုပါ လုပ်ငန်းစုကြီးတွေရဲ့ ကုမ္ပဏီခွဲတွေဟာ အထူးကုန်စည်ခွန် (SGT) တခုတည်းအတွက် ကျပ် ၄၉ ဒသမ ၉ ဘီလီယံကို စစ်အုပ်စုအတွက် ပေးချေခဲ့တာကို တွေ့ရပြီး ဒီပမာဏဟာ စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက် တရားမဝင် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ပျှမ်းမျှငွေလဲနှုန်းအရ အမေရိကန်ဒေါ်လာ ၂၇ ဒသ မ ၆ သန်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

SGT ဟာ အရက်နဲ့ ဘီယာ အကျုံးဝင်တဲ့ အခြားထုတ်ကုန်တွေ ထုတ်လုပ်တာနဲ့ တင်သွင်းတာတွေအပေါ် ၆၀ ရာခိုင်နှုန်းအထိ ကောက်ခံတဲ့အခွန်ဖြစ်ပြီး ရောင်းချတဲ့ ဈေးနှုန်းပေါ် မူတည်ကာ အရက်အမျိုးအစားတွေအလိုက် အခွန်ပမာဏ အနည်းငယ် ကွာခြားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ThaiBev၊ Heineken နဲ့ Carlsberg ကုမ္ပဏီတို့ဟာ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန်တွေကိုလည်း စစ်အုပ်စုဆီကို ပေးသွင်းခဲ့ကြပြီး အထက်ပါကာလအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ သန်းနဲ့ ညီမျှတဲ့ ကျပ်ငွေ ၁၂ ဒသမ ၆ ဘီလီယံကို ပေးသွင်းခဲ့ကြတယ်လို့ Justice For Myanmar က ပြောပါတယ်။

ဒီနိုင်ငံခြားကုမ္ပဏီတွေဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ခရိုနီလုပ်ငန်းရှင် ဦးသိန်းထွန်း မိသားစုနဲ့ စီးပွားမိတ်ဖက်ဆောင်ရွက်တာဖြစ်ပြီး သိန်းထွန်းဟာ သားဖြစ်သူ သန့်ဇင်ထွန်းနဲ့အတူ Myanmar Golden Star Group ကို ထိန်းချုပ်ထားသူ ဖြစ်ပါတယ်။ Myanmar Golden Star Group ဟာ Carlsberg နဲ့အတူ ဘီယာ ထုတ်လုပ်ပြီး LOTTE Corporation ရဲ့ လက်ခွဲကုမ္ပဏီတခုနဲ့လည်း အချိုရည်တွေ ထုတ်လုပ်တယ်လို့ ဆိုပါတယ်။

သိန်းထွန်းရဲ့ သမီးဖြစ်သူ မာမာထွန်းနဲ့ သမက် အောင်မိုးကျော်တို့ဟာ Heineken နဲ့ Thai Beverage (ThaiBev) တို့ရဲ့ မြန်မာနိုင်ငံ မိတ်ဖက်တွေ ဖြစ်ကြပြီးတော့ ThaiBev ဟာ Grand Royal Group ကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

အထူးကုန်စည်ခွန်မှာ အကျုံးမဝင်တဲ့ LOTTE ဟာ အခွန်ငွေပမာဏ အနည်းငယ်ကိုသာ ပေးသွင်းရတာဖြစ်ပေမယ့် သူ့ရဲ့ဟိုတယ်လုပ်ငန်းကုမ္ပဏီခွဲက ရင်းနှီးမြှုပ်နှံတဲ့ POSCO International နဲ့ ဆောင်ရွက်တဲ့ ဟိုတယ်ဖွံ့ဖြိုးရေးလုပ်ငန်းမှာ မြန်မာစစ်တပ်ကို မြေငှားရမ်းခ ပေးချေမှုတွေအတွက် LOTTE မှာ တာဝန်ရှိတယ်လို့ Justice For Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မရတနာမောင်က “အဲ့ဒီကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ နက်ရှိုင်းတဲ့ဆက်နွှယ်မှုရှိတဲ့ သိန်းထွန်း မိသားစုနဲ့ မိတ်ဖက်ဆောင်ရွက်တာကလည်း စိုးရိမ်စရာ ဖြစ်ပြီး၊ Heineken၊ Carlsberg၊ ThaiBev နဲ့ LOTTE တို့ရဲ့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုကနဦးစိစစ်မှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်မှုသမိုင်းကြောင်းတွေရဲ့ အထောက်အထားပဲ ဖြစ်ပါတယ်။ Heineken၊ Carlsberg၊ ThaiBev နဲ့ LOTTE တို့အနေနဲ့ OECD လမ်းညွှန်ချက်တွေနဲ့ ကုလသမဂ္ဂလမ်းညွှန် အခြေခံမူတွေအရ ၎င်းတို့ရဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို လိုက်နာဖြည့်ဆည်းဖို့၊ အကြမ်းဖက်အဖွဲ့အစည်းတရပ်ဖြစ်တဲ့ စစ်အုပ်စုထံ များပြားလှတဲ့ ငွေပေးချေမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေကြတဲ့ တော်လှန်ရေးအင်အားစု တွေကတော့ အကြမ်းဖက်စစ်အုပ်စုဆီ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု ကမ်ပိန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပြီး စစ်တပ်ထုတ်ကုန်နဲ့ စစ်တပ်ဒေါက်တိုင် နေရာတွေကိုပါ သတိပေးဖောက်ခွဲမှုတွေနဲ့အတူ ရှင်းလင်းသွားမယ်လို့ သတိပေးတာတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ Justice For Myanmar အဖွဲ့က ThaiBev၊ Heineken၊ Carlsberg နဲ့ LOTTE တို့အနေနဲ့ NUG အစိုးရရဲ့ လမ်းညွှန်ချက်တွေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးတာဝန် ဝတ္တရားတွေကို လိုက်နာဖို့၊ စစ်အုပ်စုဆီ ငွေပေးချေမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013