
စစ်တပ်က ဖမ်းဆီးသတ်ဖြတ် စွန့်ပစ်သွားတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ပြည်သူ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဧပြီ ၁၂ ရက် မနက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းကန်းရွာ၊ အလယ်ဘုံးရွာ နဲ့ ရိုးရွာက အရပ်သားပြည်သူတွေ သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ချောင်းကန်ရွာသားတယောက်က “ပုလဲမြို့ပေါ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ကျနော်တို့ ချောင်းကန်ရွာဘက်ကို စစ်ကြောင်းထိုးပြီး ချောင်းကန်ရွာသားတဦး၊ ရိုးရွာနဲ့ အလယ်ဘုံရွာက ရွာသား ၂ ဦးကို ဓားစာခံ ဖမ်းဆီးပြီး သတ်ထားခဲ့ကြတာ။ ကျနော်တို့ ချောင်းကန်ရွာထဲကနေ စစ်ကြောင်းထွက်သွားပြီး ပြည်သူတွေ ရွာထဲကို ပြန်အဝင်မှာ အလောင်းတွေ ပုပ်ပွနေတာကို တွေခဲ့ရတာဗျ။ သက်ဆိုင်ရာ ကျနော်တို့ ပုလဲမြို့နယ်က ပကဖ၊ ပအဖ နဲ့ ပလဖ တွေကို သတင်းပို့ထားပါတယ်ဗျ” လို့ ပြောပါတယ်။
သေဆုံးသူတွေကတော့ ဝေယံဖြိုး (၂၁ နှစ်)၊ ကျော်သီဟ (၃၂ နှစ်) နဲ့ ဖိုးတုတ် (ခ) သန့်ဇင်ဝင်း (၃၈ နှစ်) တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပုလဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ပုလဲမြို့ထဲကနေ ဘေးရွာဘက်တွေစီကို နေ့တိုင်းလိုလို ဝင်လိုက်ထွက်လုပ်နေတဲ့အဖွဲ့ဗျ။ ပြည်သူတွေပါ။ ကျနော်တို့ သွားကြည့်ပြီး ဆေးမှတ်တမ်းယူခဲ့ပြီဗျ။ စစ်တပ်က ရက်စက်လွန်းပါတယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ် BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး စစ်ကောင်စီဘက်ကို ဘက်ပြောင်းခိုလှုံသွားတဲ့ နေ့ကစပြီး ပုလဲမြို့နယ်အတွင်းကို စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတာလို့ သိရပါတယ်။










