DVB Logo
Home
Lead Story
အကြမ်းဖက် မြန်မာစစ်တပ်၏ လေကြောင်းစွမ်းရည်က တော်လှန်ရေးအင်အားစုတွေကို အဆုံးသတ်နိုင်မှာလား
DVB
·
April 20, 2023
အကြမ်းဖက် မြန်မာစစ်တပ်၏ လေကြောင်းစွမ်းရည်က တော်လှန်ရေးအင်အားစုတွေကို အဆုံးသတ်နိုင်မှာလား
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုက ၂ နှစ်ကျော်အတွင်းမှာ ပြည်သူအသေအပျောက်အများဆုံး ဖြစ်စဉ်တခု ဖြစ်ခဲ့တယ်။ ရှေ့လများက လက်ယက်ကုန်းနဲ့ အနန့်ပါ လေကြောင်းဗုံးကြဲခံရမှုတွေကြောင့် ပူဆွေးဝမ်းနည်းတာ မပျောက်သေးတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်က အနာထပ်မံဆွပေးလိုက်တာလည်း ဖြစ်တယ်။

အကြမ်းဖက်စစ်တပ်ဟာ လေတပ်ကို မကြုံစဖူးအောင် အလွန်အမင်း သုံးလာသလို အားကိုးအားထားပြုလွန်းလာတယ်။ အကြမ်းဖက်စစ်တပ် မျှော်မှန်းတဲ့အတိုင်း စစ်ရေးရလဒ်တချို့ အောင်မြင်မှုရနေတာကို တွေ့ရပေမဲ့ လေတပ်ရဲ့ ပရမ်းပတာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုကြောင့် အရပ်သား မိဘပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်း များပြားလာတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအပေါ်မှာလည်း လေယာဉ်ပစ် လက်နက်တွေ မရနိုင်သေးဘူးလားလို့ ဝေဖန်သံတွေ ညံလာတယ်။ လေယာဉ်ပစ်လက်နက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ရထားသည်ဖြစ်စေ မရသေးသည်ဖြစ်စေ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့  လေတပ်ဟာ တော်လှန်ရေးအင်အားစုတွေကို ခြိမ်းခြောက်နိုင်ပေမဲ့ လုံးဝ အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အဆင့်ထိ လေတပ်က စွမ်းရည်ရှိရဲ့လားဆိုတာ လေ့လာဆန်းစစ်ကြည့်ဖို့ လိုတယ်။

ကျနော်တို့တွေ ကမ္ဘာကြီးရဲ့ ခေတ်သစ်စစ်ပွဲ အယူအဆများကို လေ့လာကြည့်ရင် လေကြောင်းစွမ်းရည် မြင့်မားစွာ ပိုင်ဆိုင်ထားတာဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ တခြားနိုင်ငံတွေအပေါ်မှာ မဟာဗျူဟာမြောက် စစ်ရေးအရ လွှမ်းမိုးနိုင်လိမ့်မယ်လို့ တွေ့ရတယ်။

မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ၊ စွမ်းရည်မြင့်မားတဲ့ ဘက်စုံသုံး တာဝေးထိုးဖောက် ဂျက်တိုက်လေယာဉ်တွေ၊ စစ်ဘက်သုံး လူမဲ့ဒရုန်းတွေ (UAVs) အရေအတွက်များပြားစွာ ပိုင်ဆိုင်ထားတဲ့အခါ ပြိုင်ဘက်နိုင်ငံတွေရဲ့ လေးစားမှုကို ရရှိစေတာကတော့ အမှန်ပဲဖြစ်တယ်။

ဒါပေမဲ့ လေတပ်စွမ်းရည် မြင့်မားနေတိုင်းရော စစ်ပွဲတခုရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်ရဲ့လားဆိုတဲ့ မေးခွန်းကို မေးကြဖို့ လေ့လာဆန်းစစ်ကြဖို့ လိုတယ်။

အမေရိကန်-အာဖဂန် (၂၀) နှစ် စစ်ပွဲ၊ အမေရိကန်-ဗီယက်နမ် နှစ် ၃၀ စစ်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေတဖက်သတ် လုပ်ဆောင်ခံခဲ့ရပေမဲ့ တာလီဘန်များသည် လည်းကောင်း၊ ဗီယက်ကောင်းများသည်လည်းကောင်း ကြံ့ကြံ့ခံ တွန်းလှန်နိုင်ခဲ့ကြတာကို တွေ့ရတယ်။ အမေရိကန်ဟာ စစ်စရိတ် အများအပြား အသုံးပြုခဲ့၊ လေတပ်ကို အလွန်အမင်း အသုံးပြုခဲ့ပေမဲ့ တာလီဘန်တွေရော၊ ဗီယက်ကောင်းတွေရောကို အမြစ်ပြတ်တဲ့အထိ မချေမှုန်းနိုင်သလို စစ်မရှုံးပေမဲ့လည်း စစ်စရိတ်ထောင်းမှု၊ အမေရိကန်စစ်သည်များ အသေအပျောက်များမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်။

အထူးသဖြင့် အမေရိကန်သည် ဒုတိယကမ္ဘာစစ်တွင် ကြဲချခဲ့သည့် ဗုံးတန်ချိန် အရေအတွက်ထက် ပိုမိုများပြားသော ဗုံးတန်ချိန် သန်းချီ ဗီယက်နမ်တွင် ကြဲချခဲ့ပေမဲ့ ဗီယက်ကောင်းတွေဟာ လက်နက်ချ အရှုံးပေးခြင်း မရှိခဲ့ဘူး။

မြေပြင်တပ်တွေ မစိုးမိုးနိုင်တဲ့ အခြေအနေမှာ မြေပိုင်မှ စစ်နိုင်မယ်ဆိုတဲ့ အယူအဆတွေ ရှုမြင်နေကြဆဲဖြစ်ပေမဲ့ အမေရိကန်က ဂျပန်နိုင်ငံ မြို့ကြီးတွေဖြစ်တဲ့ ဟီရိုရှီးမားနဲ့ နာဂါစကီအပေါ် အနုမြူဗုံးကြဲချခဲ့ပြီး အမေရိကန် ကမ်းတက်တပ်တွေ ဂျပန်နိုင်ငံအတွင်း ခြေမချနိုင်ခဲ့ပေမဲ့ ဂျပန်က လက်နက်ချကာ ဒုတိယကမ္ဘာစစ်ကြီး အဆုံးသတ်ခဲ့လို့ မြေမပိုင်လည်း စစ်နိုင်တယ်ဆိုတဲ့ မတူကွဲပြားတဲ့ ရှုထောင့်တွေအကြား ပွတ်တိုက်မှုတွေ ရှိနေဦးမှာ ဖြစ်တယ်။

အကြမ်းဖက် မြန်မာစစ်တပ်အနေနဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ၊ တာဝေးထိုးဖောက်တိုက်လေယာဉ် အရေအတွက်များစွာ ပိုင်ဆိုင်မထားပေမဲ့ ရှိနေတဲ့ တပတ်ရစ် တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေက တော်လှန်ရေးအင်အားစုတွေအပါ်  အတိုင်းအတာတခုထိ ဟန့်တားနိုင်နေတာကို မြင်ရတယ်။

ဆိုခဲ့သလို မဟာဗျူဟာမြောက် လေကြောင်းစွမ်းအားကို ပိုင်ဆိုင်မထားဘဲ လက်ရုံးတပ်တွေ၊ ခြေလျင် ခြေမြန်တပ်တွေ၊ သံချပ်ကာယာဉ်တင်ယန္တရားတွေနဲ့ ပေါင်းစပ်စစ်ဆင်တဲ့ နည်းဗျူဟာမြောက် လေကြောင်းစွမ်းအားသာ ပိုင်ဆိုင်ထားတာဖြစ်တယ်။

လက်ရှိမှာလည်း အကြမ်းဖက် မြန်မာလေတပ်အနေနဲ့ မရပ်မနား စစ်ဆင်ရေးလုပ်နေရလို့ မကြာခဏ စက်ပြင်မွမ်းမံနေရတာ၊ လေယာဉ်မှူး မလုံလောက်တာ၊ စစ်စရိတ်မြင့်တက်လာတာ ဒီပြဿနာတွေ အကြီးအကျယ် ရင်ဆိုင်နေရတယ်။ နိုင်ငံ့စီးပွားရေးကို ကုပ်သွေးစုပ် နိုင်ငံ့ဘဏ္ဍာကို ထင်တိုင်းကြဲနေနိုင်တာကြောင့် ငွေရေးကြေးရေးတော့ ဖူလုံနေသေးဟန်တူပေမဲ့ အဓိကအချက်က လေတပ်သည် မဟာဗျူဟာအဆင့်စွမ်းရည် ရှိမနေတာရော၊ ရှိနေတဲ့ လေတပ်ကလေးက အသုံးပြုမှု မြင့်တက်လာလို့ ရေရှည်မှာ စစ်ဆင်နိုင်စွမ်း ကျဆင်းလာနိုင်တာရောကြောင့် တော်လှန်ရေးအင်အားစုတွေအပေါ် သိသာထင်ရှားလွန်းတဲ့ ဖိအားဆက်ပေးနိုင်ဦးမှာလားဆိုတာ စိတ်ဝင်စားစရာပဲ။

တော်လှန်ရေးအင်အားစုတွေဘက်မှာလည်း လေကြောင်းရန်နဲ့ပတ်သက်တဲ့ ကြိုတင်သတိပေးစနစ် ထူထောင်လာတာတွေ၊ လေကြောင်းတိုက်ခိုက်မှုခံရရင် ဘယ်လိုတုံ့ပြန်မလဲ အသိပညာ မြင့်မားလာဦးမှာ ဖြစ်တာရယ်၊ အကြမ်းဖက်လေတပ်ရဲ့ စစ်ဆင်နိုင်မှု တစတစ ကျဆင်းလာချိန်နဲ့ ချိန်ဆသုံးသပ်လို့ရတယ်။

နိဂုံးချုပ်အနေနဲ့ကတော့ လက်ရှိမှာ အကြမ်းဖက်လေတပ်အနေနဲ့ ပြည်သူလူထုအပေါ်  စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်နေပေမဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေကြောင်းရန် ကြိုတင်သတိပေးစနစ်တွေ၊ တုံ့ပြန်နိုင်ရေး နည်းဗျူဟာတွေ ဖော်ထုတ်လာပြီး အကြမ်းဖက်လေတပ်ကို လှောင်ပြောင်နိုင်လာမလား ဆိုတာကတော့ . . . ။

မောင်မိုးမာန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013