DVB Logo
Home
မြန်မာသတင်း
မြန်မာ့သရက်သီးအထွက်နှုန်း လျော့ကျ
DVB
·
April 19, 2023
မြန်မာ့သရက်သီးအထွက်နှုန်း လျော့ကျ
Donate to DVB

အခုနှစ် သရက်သီးတင်ပို့ရာသီမှာ အသီးအထွက်နှုန်း လျော့ကျနေတာကြောင့် တင်ပို့မှု လျော့နည်းနိုင်တယ်လို့ မူဆယ်အခြေစိုက် သစ်သီးဝလံကုန်သည်ကြီးတွေက ခန့်မှန်းထားကြပါတယ်။

ဒါ့အပြင် သရက်သီးအထွက်နှုန်း နည်းတာကြောင့် သရက်သီးဈေးကောင်းရမယ့်နှစ်လို့လည်း မူဆယ် နယ်စပ်စျေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားကြတာပါ။

မူဆယ်အခြေစိုက် သစ်သီးဝလံကုန်သည်တဦးက “ဒီနှစ်က သရက်သီး သီးအားနည်းတယ်။ ဒါကြောင့် ဈေးကောင်းမယ်လို့ ခန့်မှန်းနေကြတာ။ အရည်အသွေးကောင်း အသီးတွေ များလာပြီး ဝယ်လိုအားကောင်းလာရင် ဈေးကောင်းမှာပါ။ ဒီနှစ်က သရက်သီးအထွက်ပါးပြီး တင်ပို့မှုနည်းမယ့်နှစ်” လို့ ပြောပါတယ်။

ကိုဗစ်ကာလအလွန် မူဆယ်-ဝမ်တိန်-ရွှေလီ လမ်းပန်းဆက်သွယ်ရေး ပုံမှန်လည်ပတ်နေပါက မနှစ်ကထက် ပိုပြီး သရက်သီး အဝယ်လိုက်လာနိုင်တယ်လို့လည်း ကုန်သည်တွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။

မြန်မာ့သရက်သီးတွေကို မူဆယ်လမ်းကြောင်းကနေ တရုတ်နိုင်ငံကို အဓိက အများဆုံး တင်ပို့နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မူဆယ်စျေးကွက်မှာ အရည်အသွေးကောင်း စိန်တလုံးသရက်သီး တချင်းကို တရုတ်ယွမ်ငွေ ၁၈၀ အထိ စျေးရရှိခဲ့တယ်လို့ သိရပါတယ်။

မူဆယ်အခြေစိုက် အတွေ့အကြုံရင့် သစ်သီးကုန်သည်ကြီးတွေကတော့ သရက်သီးရှားမယ့် နှစ်မှာ မရင့်မှည့်သေးတဲ့ နုသီးတွေကို ခူးဆွတ်တင်ပို့တာနဲ့ စျေးကွက်ကို မဖျက်ကြဖို့ သတိပေးထားပါတယ်။

“ကျနော်ပြောချင်တာက သရက်စိန်ရှားမယ့်နှစ်မှာ အမှန်အကန် လမ်းကြောင်းသွားမယ်။ စိန်ရဲ့ အနေအထား မပျက်ယွင်းဖို့အတွက် အားလုံး အားစိုက်စေချင်ပါတယ်” လို့ စိန်တလုံးသရက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

မူဆယ် သရက်သီးဈေးကွက်ဟာ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အပြီးကာလမှာ စတင်ပါတယ်။ လက်ရှိမှာတော့ မန္တလေး၊ ကျောက်ဆည်နဲ့ စဉ့်ကိုင်မြို့တို့က သရက်ခြံတွေမှာ စိန်တလုံး သရက်သီးတွေ စတင်ရင့်မှည့်လာပြီး အရောင်းအဝယ် ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

မြန်မာ့ စိန်တလုံးသရက်သီးကို တရုတ်အပြင် စင်ကာပူဈေးကွက်ကိုလည်း အထိုက်အလျောက် တင်ပို့နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013