DVB Logo
Home
မြန်မာသတင်း
မြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် နေ့အပူချိန် အမြင့်မားဆုံးကာလ ကြုံတွေ့နေရ
DVB
·
April 19, 2023
မြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် နေ့အပူချိန် အမြင့်မားဆုံးကာလ ကြုံတွေ့နေရ
1 / 2
Donate to DVB

၂၀၂၃ ခုနှစ် ဧပြီလလယ်လောက်ကစပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေနဲ့ တရုတ်နိုင်ငံမှာ နေ့အပူချိန် အမြင့်မားဆုံးကာလကို ကြုံတွေ့နေရပါတယ်။

ဧပြီ ၁၄ ရက်အထိ တိုင်းတာရရှိတဲ့ အပူချိန်တွေအရ ထိုင်းနိုင်ငံက အပူချိန် ၄၅ ဒသမ ၄ ဒီဂရီစင်တီဂရိတ်နဲ့ အပူဆုံးမှတ်တမ်းဝင်သွားခဲ့ပြီး မြန်မာနိုင်ငံမှာတော့ အမြင့်ဆုံးအပူချိန် ၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ် ရှိခဲ့ကာ တရုတ်နိုင်ငံမှာလည်း မကြုံစဖူး ပူပြင်းတဲ့ နွေကာလတခုကို ဖြတ်ကျော်နေရတယ်လို့ ဝါရှင်တန်ပိုစ့်မှာ ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း နေ့အပူချိန်တွေ ဆက်လက်မြင့်တက်နေပြီး အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကနေ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတဦးက “ဧပြီလမှာ အပူချိန် မြင့်တက်လေ့ရှိပေမဲ့ ဒီနှစ်ကတော့ အရင်နှစ်တွေထက် ပိုပူတယ်။ ဧပြီ ၁၈ ရက် မနေ့တုန်းကဆိုရင် ညောင်ဦးမြိုမှာ အပူချိန်ဖြစ်တဲ့ ၄၅ ဒီဂရီစင်တီဂရိတ်ကျော်အထိ ရှိခဲ့ပါတယ်။ မိုးမရွာမချင်းကတော့ အပူချိန်မြင့်နေဦးမှာပဲ။ မိုးနည်းတဲ့နှစ်ဆို မေလအထိ ဆက်ပြီး အပူချိန်မြင့်တက်လေ့ရှိပါတယ်” လို့ ပြောပါတယ်။

အခုနှစ်မှာ ကြုံတွေ့ရမယ့် အယ်လ်နီညိုဟာ ပြင်းထန်တဲ့ရာသီဥတုမျိုး ဖြစ်တဲ့အတွက် ပူပြင်းခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေအဖြစ် မိုးတိမ်တောင်ရာသီဥတုပုံစံအရ ရုတ်တရက် မိုးထစ်ချုန်းရွာတာ၊ မိုးသီးတွေ ကြွေကျတာ၊ လေပြင်းမုန်တိုင်း တိုက်ခတ်တာတွေ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရာသီဥတု ပူပြင်းမှုကြောင့် မိုးခေါင်ရေရှားမှုဒဏ်ကို အထက်အညာဒေသမှာ ကြုံတွေ့ခံစားရနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

“ဧပြီ ၁၉ ကနေ မေလ ၁ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ တောင်ပေါ်ဒေသတွေမှအပ ကျန်ဒေသတွေမှာ အပူချိန် မြင့်တက်လာနိုင်တယ်” လို့ မိုးလေဝသ စောင့်ကြည့်ပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဧပြီ ၁၅ ရက် ထုတ်ပြန်ချက်အရ မကွေးတိုင်း၊ ‌ချောက်မြို့မှာ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဟာ အပူချိန်အများဆုံး ဒေသတွေ ဖြစ်ပါတယ်။

“အရင်နှစ်တွေထက် ဒီနှစ်က ဆိုးဆိုးရွားရွားပူတယ်။ နေလို့ကို မရဘူး။ အပူချိန် အရမ်းမြင့်တော့ ချင်းတွင်းမြစ်ရေ ကျတယ်” လို့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ခံတဦးက ပြောပါတယ်။

အပူလှိုင်းဟာ အချိန်တိုအတွင်း လူဦးရေအများအပြားကို ထိခိုက်စေနိုင်ပြီး နေ့၊ ည အပူချိန် ကြာရှည်မြင့်တက်ခြင်းဖြင့် ခန္ဓာကိုယ်ဇီဝကမ္မဆိုင်ရာ ဖိစီးမှုတိုးလာပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုနဲ့ ကျောက်ကပ်ရောဂါတွေ အပါအဝင် အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

နောက်ဆက်တွဲ လူမှုစီးပွားသက်ရောက်မှုတွေကိုလည်း ဖြစ်နိုင်တာကြောင့် ကျန်းမာရေးအတွက် ထုတ်ပြန်ထားတဲ့ အပူဒဏ်ကာကွယ်ရမယ့် အချက်တွေကို လိုက်နာသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013