
ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာ ကျားဖြန့်စင်တာတွေကို နှိမ်နင်းမှုတွေ လုပ်ခဲ့အပြီး သီရိလင်္ကာမှာ နိုင်ငံခြားသား ကျားဖြန့်လုပ်ကိုင်သူတွေ ဖမ်းဆီးမှု မြင့်တက်လာတာကြောင့် ဒီကျွန်းနိုင်ငံဟာ အွန်လိုင်းလိမ်လည်မှုတွေရဲ့ ဗဟိုချက် ဖြစ်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။
ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာ ကျားဖြန့်စင်တာတွေကို နှိမ်နင်းမှုတွေ လုပ်ခဲ့အပြီး သီရိလင်္ကာမှာ နိုင်ငံခြားသား ကျားဖြန့်လုပ်ကိုင်သူတွေ ဖမ်းဆီးမှု မြင့်တက်လာပါတယ်။
ဒါကြောင့် ဒီကျွန်းနိုင်ငံဟာ အွန်လိုင်းလိမ်လည်မှုတွေရဲ့ ဗဟိုချက် ဖြစ်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။
အရှေ့တောင်အာရှကနေ မောင်းထုတ်ခံလိုက်ရတဲ့ ကျားဖြန့်ကွန်ရက်တွေဟာ ဗီဇာလျှော့ပေါ့မှုနဲ့ အင်တာနက်လိုင်းကောင်းတဲ့ သီရိလင်္ကာနိုင်ငံဆီကို ရွှေ့ပြောင်းလာကြတာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီနှစ်ဆန်းပိုင်းကစပြီး ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ ပတ်သက်နေတဲ့ တရုတ်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံသား အပါအဝင် နိုင်ငံခြားသား ၁,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရ လက်ထောက်ရဲမင်းကြီး ဖရက်ဒရစ် ဝုတလာက ပြောပါတယ်။
ဒီအပတ်အတွင်းမှာတင် ကမ်းရိုးတန်းခရိုင်တွေမှာ ဝင်ရောက်စီးနင်းမှု ၅ ကြိမ် ပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံသား ၁၉၂ ယောက်နဲ့ နီပေါနိုင်ငံသား ၂၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဝုတလာ က ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း မြို့တော် ကိုလံဘိုအနီးမှာ နိုင်ငံခြားသား သံသယရှိသူ ၂၈၀ ကို ဖမ်းဆီးခဲ့သလို ပြီးခဲ့တဲ့ မတ်လကလည်း ကျားဖြန့်စင်တာတခုတည်းကနေ တရုတ်နိုင်ငံသား ၁၃၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီဂိုဏ်းတွေဟာ ဇိမ်ခံဗီလာတွေနဲ့ ရုံးခန်းအဆောက်အအုံတွေကို ငှားရမ်းပြီး အာရှတလွှားက သားကောင်တွေကို ပစ်မှတ်ထား လိမ်လည်နေကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေကို နေအိမ်နဲ့ ဗီလာတွေ ငှားရမ်းပေးတဲ့ အိမ်ရှင်တွေ အနေနဲ့လည်း ရာဇဝတ်မှုကို ကူညီမှုနဲ့ တရားစွဲဆိုခံရနိုင်တယ်လို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။











