
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌအဖြစ် ထပ်အရွေးချယ်ခံမဲ့ ဂျီယန်နီ အင်ဖန်တီနို အပေါ် ထောက်ခံကြောင်း ရေးထားတဲ့စာတွေကို ပြန်လည်ရုပ်သိမ်းပြီး ဥရောပနိုင်ငံတွေက ဖိအားတိုးမြှင့်ဖို့ စီစဉ်နေပါတယ်။
လာမဲ့ ၂၀၂၇-၃၁ သက်တမ်းမတိုင်ခင် အင်ဖန်တီနို နုတ်ထွက်သွားအောင် တွန်းအားပေးဖို့အတွက် နိုင်ငံအလိုက် ဘောလုံးအဖွဲ့ချုပ်တွေကြား ဆွေးနွေးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
ဥရောပဘောလုံးလောကမှာ ဆိုရင်လည်း အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်စရာမလိုဘဲ သူ့ကို ရာထူးကနေ အမြန်ဆုံးဖယ်ရှားနိုင်ဖို့အထိ ဆန္ဒရှိနေကြတာပါ။
ဒါဟာ အင်ဖန်တီနိုက ကမ္ဘာ့ဖလားရှယ်ယာအချို့ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချဖို့ အဆိုပြုပြီးနောက် အဲဒီအတိုင်းဆက်လုပ်ရင် သပိတ်မှောက်မယ်ဆိုတဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ ခြိမ်းခြောက်မှုအရ “FIFA Forward Enterprise” အစီအစဉ် ပျက်ပြယ်သွားခဲ့တာကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အင်ဖန်တီနို အပေါ် ယုံကြည်မှုကျဆင်းပြီး နိုင်ငံအသီးသီးရဲ့ ဘောလုံးအဖွဲ့ချုပ်တွေက တရားဝင်ထောက်ခံမှုကို ပြန်လည်ရုပ်သိမ်းနိုင်ဖို့ ဆွေးနွေးလျက်ရှိပါတယ်။
အခုလိုမျိုး အင်ဖန်တီနို အရွေးချယ်ခံမဲ့အပေါ် ထောက်ခံထားတာကို တရားဝင်ရုပ်သိမ်းလိုက်တဲ့ ပထမဆုံး ဘောလုံးအဖွဲ့ချုပ်က ဝေးလ်စ် ဖြစ်လာခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေမတိုင်ခင် ဇူလိုင်လထဲမှာ ဖီဖာအဖွဲ့ဝင် ၂၁၁ နိုင်ငံ ရှိတဲ့အထဲက နိုင်ငံပေါင်း ၂၀၀ ကျော်ဟာ သူ့ကို ထောက်ခံတဲ့စာတွေ ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။
၁၀ နှစ်ကြာ ဖီဖာဥက္ကဋ္ဌတာဝန်ယူထားတဲ့ အင်ဖန်တီနို ကတော့ ရာထူးမှာဆက်ရှိနေဖို့ အခိုင်အမာ ဆုံးဖြတ်ထားပုံရသလို သူ့အပေါ် ထောက်ခံမှုတွေကို ဆက်ထိန်းထားနိုင်ဖို့ လိုက်လံစည်းရုံးနေတယ်လို့လည်း သိရပါတယ်။
အဲဒီနောက် အင်ဖန်တီနိုရဲ့ အဆိုပြုချက် မအောင်မြင်ပေမဲ့လည်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) ထဲက နိုင်ငံတချို့ဟာ သူ့ကို ထောက်ခံနေဆဲဖြစ်ကြောင်း လူသိရှင်ကြား ပြသခဲ့ပါတယ်။
အလားတူ အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) နဲ့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL) ကပါ အင်ဖန်တီနိုကို အပြည့်အဝ ထောက်ခံထားပါတယ်။
တချိန်တည်းမှာ ဖီဖာဥက္ကဋ္ဌနေရာ အစားထိုးနိုင်မဲ့သူကို စတင်ရှာဖွေနေပြီ ဖြစ်ပေမဲ့လည်း အဲဒီကိုယ်စားလှယ်လောင်းဟာ အာရှဘောလုံးအဖွဲ့ချုပ် (AFC) နဲ့ မြောက်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONCACAF) ဆီက ထောက်ခံမှုရဖို့တော့ အဓိက လိုအပ်နေပါတယ်။
ဒါ့အပြင် ဖီဖာအတွက် ခေါင်းဆောင်အသစ် တယောက်ကို ယူအီးအက်ဖ်အေက ရှာဖွေနေချိန်မှာပဲ အာရှနဲ့ မြောက်အမေရိကဇုန်ဟာ အဆုံးအဖြတ်ပေးနိုင်မဲ့ အရေးအကြီးဆုံးနေရာတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။










