ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဧပြီ ၁၈ ရက်မနက်က တိုက်ပွဲဖြစ်ပြီး စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးလာသည့် ရွာသားတွေထဲက အမျိုးသမီး ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအုပ်စု ဂတ်နွယ် (ပျားအုံ) ရွာ လမ်းခွဲမှာ မနေ့ မနက် ၈ နာရီက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ၁၂ ဘီးကားကို ကချင်လွတ်မြောက်တပ်မတော် (ကေအိုင်အေ) က ကြားဖြတ်တိုက်ခဲ့တာကြောင့် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ တိုက်ပွဲအနီး လမ်းပေါ်မှာ ပိတ်မိနေတဲ့ ကုန်တင်ကားဆရာတဦးထံက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ၁၂ ဘီးကားပေါ် ပါလာတဲ့ ရွာသားတွေထဲက အသက် ၂၅ နှစ်အရွယ် မဆိုင်းမိုင် သေဆုံးခဲ့ပြီး တခြားရွာသား ၆ ဦးလည်း ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒဏ်ရာရရှိသူတွေကို ကူညီကယ်ဆယ်ခဲ့သူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆိုင်းဖရာကျေးရွာက ရွာသူရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သားတွေနဲ့အတူ ၁၂ ဘီးကားတွေပေါ်မှာ စီးနင်းစေခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က စစ်သား ၄ ဦး သေဆုံးခဲ့ပြီး အရာရှိတဦး အပါအဝင် ၁၀ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။
အခုအခါ မြစ်ကြီးနား-ဖားကန့်လမ်းကို သွားလာခွင့်မပြုဘဲ ယာယီပိတ်ထားတယ်လို့လည်း လိုင်းကားသမားတွေက ပြောပါတယ်။