DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်၌ အကျဉ်းသား ၁၅၂ ဦးလွတ်မြောက်၊ မကွေးထောင်မှ ၂၂ ဦး၊ မွန်ပြည်နယ်တွင် ၂၂၄ ဦး လွတ်မြောက်၊ နိုင်ငံရေးအကျဥ်းသား မပါဝင်
DVB
·
April 18, 2023
ရှမ်းပြည်နယ်၌ အကျဉ်းသား ၁၅၂ ဦးလွတ်မြောက်၊ မကွေးထောင်မှ ၂၂ ဦး၊ မွန်ပြည်နယ်တွင် ၂၂၄ ဦး လွတ်မြောက်၊ နိုင်ငံရေးအကျဥ်းသား မပါဝင်
Donate to DVB

စစ်ကောင်စီက ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့က  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသား ၃,၁၀၀ ကျော် ပြန်လွှတ်ပေးခဲ့တဲ့အထဲမှာ ရှမ်းပြည်နယ်မှာရှိတဲ့ အကျဥ်းထောင်တွေကနေ အကျဥ်းသား ၁၅၂ ဦး လွတ်ငြိမ်းခွင့်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဥ်းသားတွေတော့ ပါမလာခဲ့ပါဘူး။

တောင်ကြီးမြို့နယ် ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) က လွတ်လာတဲ့သူတွေထဲမှာ အမျိုးသမီးတယောက်မှ မပါဝင်ဘဲ အမျိုးသားတွေပဲ လွတ်မြောက်တယ်လို့လည်း အကျဥ်းထောင်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

“တောင်လေးလုံးထောင်က နိုင်ကျဥ်းတယောက်မှတောင် မလွတ်ဘူး၊ မူးယစ်သမားများတယ်၊ ပြစ်မှုသမားတောင် သိပ်မပါဘူး” လို့ နိုင်ငံရေးအကျဥ်းသားတဦးရဲ့ ဖခင်က ပြောပါတယ်။

မကွေးအကျဥ်းထောင်က အကျဥ်းသား ၂၂ ယောက်ကို စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဥ်းသား လုံးဝမပါဝင်ဘူးလို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မကွေးအကျဥ်းထောင်နဲ့ နီးစပ်သူတယောက်က “ပြန်လွှတ်ပေးတဲ့အထဲမှာ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးအကျဥ်းသားတွေ လုံးဝပါမလာဘူးဗျ။ အများစုကတော့ ရဲပြေး၊ တပ်ပြေး၊ မူးယစ်ဆေးဝါးမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအမှုတွေနဲ့ လွတ်လာသူတွေ ပိုများတယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အလုပ်စခန်းများမှ အကျဉ်းသား၊ အကျဥ်းသူပေါင်း ၂၂၄ ဦး ပြန်လည်လွတ်မြောက်လာပေမဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်လာမှု မရှိသေးဘူးလို့ မွန်ပြည်နယ် စစ်ကောင်စီ ထောင်အာဏာပိုင်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ထောင်လွတ်ရက်ပြည့်ခါနီးတဲ့သူတွေ၊ လူသတ်၊ မုဒိမ်း၊ မူးယစ်ဆေးဝါးနဲ့ တခြားပြစ်ဒဏ်နဲ့ ချမှတ်ခံထားရတဲ့သူတွေသာ အများဆုံး ပါဝင်လာသလို ထောင်အာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူတွေကိုသာ အဓိက လွတ်ငြိမ်းခွင့်ပေးလိုက်တာဟာ ရပ်ရွာမှာ ဒုစရိုက်မှုတွေ ဆက်ပြီး အားပေးလိုက်တာနဲ့ အတူတူပဲလို့ နိုင်ငံရေးလေ့လာကျွမ်းကျင်သူတွေက ပြောပါတယ်။

အကျဥ်းထောင်၊ အချုပ်ထောင်ထဲမှာရှိတဲ့ နိုင်ငံခြားသား ၉၈ ဦးနဲ့ အကျဥ်းသား ၃,၀၁၅ ဦးတို့ကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ နောက်တကြိမ် ထပ်မံကျူးလွန်ရင် အရင်ရှိပြီးသား ပြစ်ဒဏ်ကိုပါ ကျခံရမယ်ဆိုတဲ့ ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပေးတာလို့ ဆိုပါတယ်။

လွတ်မြောက်လာတဲ့သူတွေဟာ မူးယစ်မှု၊ ရာဇဝတ်မှု၊ စစ်ပြေးမှု စတဲ့ အကျဥ်းသားတွေသာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၂၁,၃၄၈ ဦး ရှိတဲ့အနက် ၁၇,၄၆၀ ဦးဟာ ဆက်လက်ထိန်းသိမ်းခံနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013