
စစ်ကိုင်းတိုင်း မုံရွာမြို့၊ ညောင်ပင်ကြီးဇက်ဆိပ်အနီး ချင်းတွင်းမြစ်ထဲ ရေဆင်းချိုးရင်း ရေနစ် ပျောက်ဆုံးခဲ့တဲ့ ကလေးငယ် ၃ ယောက်ရဲ့အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့ပြီလို့ ဒေသခံတွေဆီ က သိရပါတယ်။
မတ် ၁၆ ရက် ညနေ ၆ နာရီလောက်က ညောင်ပင်ကြီးဇက်ဆိပ်အနီး ရေဆင်းချိုးတဲ့ ကလေး ၅ ယောက် ရေနစ်ခဲ့တာဖြစ်ပြီး ယောက်ျာလေး ၂ ယောက်ကို ရေနစ်တဲ့နေရာနားမှာရှိတဲ့ စက်လှေသမားတွေက အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ကလေး ၃ ယောက် ပျောက်ဆုံးခဲ့တာ လို့ သိရပါတယ်။
ရေနစ်ပျောက်ဆုံးခဲ့တဲ့ ကလေး ၃ ယောက်ထဲက မတ် ၁၈ ရက် မနက် ၈ နာရီလောက်က ရေနစ်တဲ့နေရာနဲ့ ရေမိုင်ဝက်ခန့်အကွာမှာ ယောက်ျားလေး အလောင်း ၂ အလောင်းကို တွေ့ရှိခဲ့ပြီး မတ် ၁၇ ရက် မနက် ၇ နာရီလောက်က ရေမိုင် ၁ မိုင်လောက် အကွာမှာ မိန်းကလေး အလောင်း တလောင်းကို ထပ်မံတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ကယ်ရေး ဆောင်ရွက်နေသူ ဒေသခံတယောက်က “ရေနစ်တာက ယောကျ်ားလေး ၄ ယောက်နဲ့ မိန်းကလေးတယောက်။ အားလုံးကလေး ၅ ယောက်။ စက်လှေသမားတွေက ကလေး ၂ ယောက်ကို ရေနစ်တဲ့နေ့ကပဲ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်။ ကလေး ၃ယောက်က ပျောက်ဆုံးနေတာ။ ဆက်လက်ရှာဖွေပေမဲ့ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်” လို့ပြောပါတယ်။
ရေနစ်သေဆုံးသွားတဲ့ ကလေးငယ် ၃ ယောက်ဟာ မုံရွာမြို့ ရုံးကြီးရပ်ကွက်နဲ့ ရန်ကင်းရပ်ကွက်မှာ နေထိုင်တဲ့အသက် ၁၀ ကနေ ၁၅ နှစ်ဝန်းကျင် ယောက်ျားလေး ၂ ယောက်နဲ့ မိန်းကလေး တယောက် ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးကလေးအလောင်းတွေကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက မုံရွာမြို့ဆေးရုံကို ဦးစွာ ပို့ဆောင် စစ်ဆေးခဲ့ပြီး ဆေးရုံကတဆင့် နေအိမ်တွေကို ပြန်လည်သယ်ယူခဲ့ကြပြီလို့ သိရပါတယ်။










