DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏ အလိမ်အညာများကို မီဒီယာကတဆင့် အရေးတကြီး တိုက်ဖျက်ရန် NUG ယာယီသမ္မတပြော
DVB
·
April 18, 2023
စစ်ခေါင်းဆောင်၏  အလိမ်အညာများကို မီဒီယာကတဆင့် အရေးတကြီး တိုက်ဖျက်ရန် NUG ယာယီသမ္မတပြော
Donate to DVB

စစ်ခေါင်းဆောင်ရဲ့  အလိမ်အညာတွေကို ဖြောင့်မတ်မှန်ကန်တဲ့ ပြည်တွင်း ပြည်ပ မီဒီယာတွေကတဆင့် စနစ်တကျ ပြန်လည်တိုက်ဖျက်နိုင်ဖို့ အရေးတကြီး လုပ်ဆောင်သင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဧပြီ ၁၈ ရက် ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမိန့်ခွန်းမှာ ခုလိုပြော လိုက်တာဖြစ်ပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေဟာ သူတို့ရဲ့ ညံ့ဖျင်းမှုတွေကို ဖုံး ကွယ်နိုင်ဖို့အတွက် သူတို့ရဲ့ လက်ပါးစေမီဒီယာတွေကတဆင့် နည်းမျိုးစုံ၀ါဒဖြန့်ပြီး လိမ် ညာနေတယ်လို့ ဆိုပါတယ်။

“အခုဆိုရင် အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းနေသယောင်နဲ့ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကိုအတင်းအကျပ်နဲ့ ဖန်တီးလုပ်ယူခဲ့သလို၊ သူတို့ရဲ့နောက်မြှီးဆွဲ အဖွဲ့ အစည်းတချို့နဲ့ အတုအယောင် ရွေးကောက်ပွဲကိုလည်း ဖန်တီးယူဖို့အတွက် ရွေးကောက် ပွဲကော်မရှင်ဖွဲ့ပြီး မတရားတဲ့ ရွေးကောက်ပွဲတခုကို ဖန်တီးနေတာကိုလည်း အားလုံးအသိပါပဲ။ အတုဟာ အတုပါပဲ။ မတရားမှုနဲ့ အဓမ္မလုပ်တာဟာလည်း မတရားမှုပါပဲ။ ဒီမတရားမှုတွေကြောင့်ပဲ အရပ်သားပြည်သူ တွေဟာ နေ့စဥ်နဲ့အမျှ သူတို့ရဲ့ ချစ်လှစွာသော သား သမီး၊ ခင်ပွန်း၊ ဇနီးနဲ့ ညီအစ်ကို မောင်နှမတွေကိုဆုံးရှုံးနေရတာပါ။ ဒီလို အကြမ်းဖက်စစ်တပ်ရဲ့ အရပ်သားတွေအပေါ် နေ့စဥ်နေ့တိုင်း လုပ်ဆောင်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ကုလပဋိညာဥ်စာချုပ် အခန်း(၇) ပါအတိုင်း အရေးယူဆောင်ရွက်နိုင်ဖို့ ကျနော်တို့ အားလုံး ပိုမိုကြိုးစားလုပ်ဆောင်ကြရပါမယ်။”

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပဇီကြီးဖြစ်စဥ်လို စိတ်မကောင်းစရာတွေ ဖြစ်ခဲ့ပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ အဘက်ဘက်က ကျဆုံးနေတာဖြစ်လို့ လူထုနဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ စိတ်အားမလျော့ကြဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားပါတယ်။

“အကြမ်းဖက် စစ်တပ် ရုံးစိုက်ရာ နေပြည်တော်လို နေရာမှာတောင် တော်လှန်ရေး အင်အားစုတွေက ခြိမ်းခြောက်နိုင်ခဲ့တာ၊ စစ်အခြေစိုက်စခန်းတွေနဲ့ အရေးကြီးနေရာတွေကို ဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး လက်နက်တွေ သိမ်းယူနိုင်ခဲ့တဲ့ တိုက်ပွဲဖြစ်စဥ်တွေလည်း နေ့စဥ်နဲ့အမျှ ရှိနေတာကြောင့် မြန်မာ့ နှစ်သစ်ကူးမှာ စိတ်ဓာတ်ပျက်ပြားပြီး သွေးလန့် ခြောက်ခြားနေရမယ့်သူဟာ ပြည်သူ့ ရန်သူ စစ်အုပ်စုပဲ ဖြစ်ပါတယ်။ ဒီလို မြေပေါ်၊ မြေအောက် နေရာအသီးသီးကနေ နေ့စဥ်နေ့တိုင်း တွန်းလှန်နေတာကြောင့်လည်း မြေပြင်မှာ ရင်မဆိုင်ရဲတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ သူ့ရဲ့လက်တဆုပ်စာ နောက်လိုက်တွေနဲ့အတူ ကြောက်ကန် ကန်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ရက်စက်မှုတွေကို တနေ့တခြားပိုမို လုပ်ဆောင်လျှက်ရှိနေတာကိုလည်း အခုထက်ပို သတိကြီးကြီးထား ကာကွယ်ရမှာ ဖြစ်ပါတယ်။”

NUG ညီညွတ်ရေး အစိုးရအနေနဲ့လည်း အရပ်သားတွေကို ထိခိုက်မှု နည်းနိုင်သမျှ နည်းစေဖို့ စနစ်ကျတဲ့ စီမံဆောင်ရွက်မှုတွေကို အရင်ကထက်ပိုပြီး သေချာပြင်ဆင်ထားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ 

“ကျနော်တို့နိင်ငံရဲ့ပြဿနာဟာ နိုင်ငံနှစ်ခုကြားဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ မဟုတ်တဲ့အတွက် နိုင်ငံတကာက အာရုံစိုက်ပြီးကူညီဖို့ဆိုတာဟာ အရပ်သားတွေ ဘယ်လောက်အထိ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ်ဆိုတာကို သိအောင်ချပြနိုင်ဖို့လိုအပ်ပါတယ်။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာလည်း မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ် ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013