DVB Logo
Home
မြန်မာသတင်း
PDF တပ်မတော်၏စွမ်းဆောင်နိုင်မှုက တော်လှန်ရေးအောင်ပွဲနှင့် တိုက်ရိုက်အချိုးကျနေဟု NUG ပြော
DVB
·
April 17, 2023
PDF တပ်မတော်၏စွမ်းဆောင်နိုင်မှုက တော်လှန်ရေးအောင်ပွဲနှင့် တိုက်ရိုက်အချိုးကျနေဟု NUG ပြော
1 / 2
Donate to DVB

PDF တပ်မတော်ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်မှုဟာ မြန်မာ့နွေဦးတော်လှန်ရေး အောင်ပွဲနဲ့ တိုက်ရိုက်အချိုးကျနေတယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောလိုက်ပါတယ်။

မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် PDF  တပ်မတော်ဆီ ပေးပို့တဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ တော်လှန်နှစ်သစ် သဝဏ်လွှာမှာ ခုလိုပြောလိုက်တာပါ။

“ရဲဘော်တို့-အခုလို ငါတို့ပြည်သူ့တော်လှန်ရေးနဲ့ PDF တပ်မတော်တို့ အရှိန်တခု၊ အခြေ အနေတခုကို ရောက်လာတဲ့ အချိန် ငါတို့တွေအားလုံး သတိပြု၊ သတိချပ်ရမယ့် အ ကြောင်းအရာတခုကိုလည်း ပြောချင်တယ်။ ဒါကတော့ ရန်သူက ငါတို့တော်လှန်ရေးကို ပုံ ဖျက်ဖို့၊ ငါတို့ PDF တပ်မတော်ရဲ့ ပုံရိပ်ကို ကျဆင်းစေဖို့နဲ့ သွေးခွဲဖြိုဖျက်နိုင်ဖို့ နည်း လမ်းမျိုးစုံက ကြိုးပမ်းလာတာပဲ။ ငါတို့ဟာ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ပွဲ ဝင်နေချိန်မှာ တဖက်ကလည်း ငါတို့ PDF တပ်မတော်ကို ကျားကုတ်ကျားခဲ တည်ဆောက် နေရတာလည်း ဖြစ်တယ်။ အမိန့်ပေးကွပ်ကဲမှုစနစ် မှန်ကန်၊ အားကောင်း၊ ခိုင်မာတဲ့ တပ်မတော်တရပ်ဖြစ်ဖို့၊ ကျင့်ဝတ် စည်းကမ်း ကောင်းမွန်တဲ့ တပ်မတော်တရပ်ဖြစ်ဖို့ ငါတို့အားလုံး ကြိုးပမ်း တည်ဆောက်နေတာ ဖြစ်တယ်။ ငါတို့ PDF တပ်မတော်ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်မှုဟာ ဒီတော်လှန်ရေးအောင်ပွဲနဲ့ တိုက်ရိုက် အချိုးကျနေ တယ်ဆိုတာလည်း ရဲဘော်တို့ နားလည်ကြပြီးဖြစ်တယ်။”

ဒါ့အပြင် လတ်တလောအချိန်မှာတော့ အကြမ်းဖက်စစ်အုပ်စုက စစ်ရေး၊ နိုင်ငံရေး၊ စီးပွား ရေး၊ နိုင်ငံတကာရေး စတဲ့အဖက်ဖက်မှာ အရေးမလှ၊ အကြပ်အတည်းဆိုက်နေတာကို တွေ့မြင်ရမှာဖြစ်ပြီးတော့ စစ်ရေးအရ ကြည့်မယ်ဆိုရင်လည်း စစ်စခန်း၊ ရဲစခန်းကနေ အ ပြင်ထွက်လိုက်တာနဲ့ပဲ “ရန်သူ့နယ်မြေ”၊ “ငါတို့ မလုံခြုံဘူး၊ အသက်အန္တရာယ်ရှိတယ်” ဆိုတဲ့ စိတ်ခံစားချက်ကို ရရှိနေပြီးတော့ PDF တပ်မတော်ဘက်ကတော့ ပြည်သူ လူထု တရပ်လုံး ပူးပေါင်းပါဝင်မှုနဲ့ ပြည်သူကို အခြေခံတဲ့ “ပြည်သူ့စစ်မဟာဗျူဟာ” ကို စနစ်တကျ စွဲကိုင်၊ ချမှတ်ဆောင်ရွက်နေတာလို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

“အကြမ်းဖက်စစ်အုပ်စုဟာ တနိုင်ငံလုံး နိုင်ငံ့မြောက်ဖျား ပူတာအိုလိုနေရာကနေ ဟိုး တောင်ဖျား မြိတ်၊ ထားဝယ်အထိမှာ ပြည်သူ့တော်လှန်ရေး အင်အားစုတွေနဲ့ စစ်မျက်နှာ ဖွင့် ရင်ဆိုင်နေရတာဖြစ်တယ်။ အားလုံးရဲ့ စုပေါင်းတိုက်ပွဲဝင် ကြိုးပမ်းမှုကြောင့် အခုဆို ရင် မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ အများအပြားကို ငါတို့ရဲ့ စိုးမိုးနယ်မြေအဖြစ် ဖော် ဆောင်နိုင်ပြီဖြစ်တယ်။ ဒါ့အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာလည်း မြို့ပြပျောက်ကြားလှုပ်ရှားမှုတွေက စစ်အုပ်စုကို စဉ်ဆက်မပျက် ခြိမ်းခြောက်၊ ဒုက္ခပေး နေတာဖြစ်တယ်။ သေချာတာကတော့ အကြမ်းဖက် စစ်အုပ်စုဟာ ငါတို့ပြည်သူ့တော်လှန် ရေးကို အနိုင်ယူ၊ ဖြိုဖျက်နိုင်ဖို့ဆိုတာ ရုပ်ဝတ္ထုအင်အားအရကော စိတ်ဓာတ်အင်အားအရ လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတာပဲ။ စစ်အာဏာသိမ်းပြီးနောက် လက်နက်စွဲကိုင် ခုခံတော် လှန်ရေး အချိန် (၂) နှစ်မပြည့်ခင်မှာ ဒီလောက်ထိ အခြေအနေမျိုး ရောက်အောင် ဝိုင်းဝန်းကြိုးပမ်း တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတရပ်လုံးနဲ့အတူ PDF တပ်မတော်သား အားလုံးကို အထူးဂုဏ်ပြုကြောင်းလည်း ပြောကြားချင်တယ်။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာက ပြည်ထောင်စုဝန်ကြီးရဲ့ သဝဏ်လွှာမှာတော့ အကြမ်း ဖက် စစ်အုပ်စုက ပြည်သူ့ တော်လှန်ရေးကို တတ်နိုင်သမျှ ဟန့်တားနှောက်ယှက်ဖို့ ပုံစံ မျိုးစုံနဲ့ အားထုတ်ကြိုးပမ်းနေသလိုပဲ PDF တပ်မတော်အနေနဲ့ကတော့ ပြည်သူ့အသက် အိုးအိမ် စည်းစိမ်ကို ပိုပြီး ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ကြိုးစားရမယ်လို့ ဆိုပါတယ်။

“တဖက်မှာလည်း အဖက်ဖက်က အကြပ်အတည်းဆိုက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ တော်လှန်ရေးကို တတ်နိုင်သမျှ ဟန့်တားနှောက်ယှက်ဖို့ ပုံစံမျိုးစုံနဲ့ အားထုတ် ကြိုးပမ်းနေတယ်ဆိုတာကို သတိချပ်ကြဖို့လိုတယ်။ အထူးသဖြင့်၊ ကြွက်မနိုင် ကျီ မီးနဲ့ရှို့ဆိုတာလိုပဲ စစ်အုပ်စုဟာ ငါတို့ PDF တပ်မတော်ကို အနိုင်ယူဖို့ မဖြစ်တော့တဲ့အခါ သာမန်ပြည်သူတွေကို တမင်ဦးတည်ပြီး တိုက်ခိုက်တာတွေ၊ အကြမ်းဖက်တာတွေကို ပိုပြီးလုပ်လာတယ်။ နောက်၊ အခုချိန်မှာ သူတို့ရဲ့ ပဓာနအားသာချက်ဖြစ်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို စစ်ဘက်-အရပ်ဘက် ပစ်မှတ်မခွဲခြားဘဲ တောက်လျောက် လုပ်နေ တယ်။ အရပ်သားပြည်သူ ကျေးရွာတွေကို ပိုပြီး မီးရှို့လာတယ်၊ ဖျက်ဆီးလာတယ်။ ဒါက ပြောရရင် ဒင်းတို့ ဖက်ဆစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်သလို ငါတို့ PDF တပ်မတော် အနေနဲ့ကတော့ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို ပိုပြီး ကာကွယ်စောင့်ရှောက် ပေးနိုင်ဖို့ ကြိုးစားရမှာ ဖြစ်တယ်။”

ဒါ့အပြင် ပြည်သူ့တော်လှန်ရေးကြီး အောင်ပွဲဝင်ဖို့အရေးမှာ PDF တပ်မတော်ကြီး စုစည်း ခိုင်မာ အားကောင်းဖို့က အသက်တမျှ အရေးကြီးပြီးတော့ PDF တပ်မတော်ရဲ့ ဂုဏ်သ တင်းကောင်းကို ဆက်လက်ထိန်းသိမ်း၊ မြှင့်တင်ကြဖို့လည်း အားလုံးမှာ တာဝန်ကိုယ်စီ ရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။

“PDFတပ်မတော်ရဲ့ ဂုဏ်ကိုဆောင်နိုင်တာက ရဲဘော်တို့ဖြစ်သလို PDF ရဲ့ ဂုဏ်ကို ကျ ဆင်း စေနိုင်တာကလည်း ရဲဘော်တို့ပဲ ဖြစ်တယ်။ ဒါကို အားလုံးက အထူးသဘောပေါက် နားလည်ကြစေချင်တယ်။ ငါတို့ရဲ့ PDF တပ်မတော်ဟာ ပြည်သူက အားကိုးတဲ့၊ ပြည်သူက ချစ်မြတ်နိုးတဲ့ ပြည်သူ့အချစ်တော် PDF တပ်မတော်အဖြစ် အမြဲတမ်း ဆက်လက် ရပ်တည်နိုင်ရမှာ ဖြစ်တယ်။ တဖက်က အကြမ်းဖက် စစ်အုပ်စု ကတော့ အားလုံးသိကြတဲ့အတိုင်း ပြည်သူ့ချဉ်ဖတ်၊ပြည်သူ့အော့နှလုံးနာရတဲ့ လက်နက်ကိုင်လူသတ်ဂိုဏ်း၊ ဓားပြဂိုဏ်းအကြီးစားကြီးပဲ ဖြစ်တယ်။ တပ်မတော်ဆိုတဲ့ စကားလုံးနဲ့ အဲ့ဒီအကြမ်းဖက် အဖွဲ့နဲ့လုံးဝ မထိုက် တန်ဘူး။ အခုချိန်မှာ လက်နက်စွဲကိုင်ကြတာချင်း တူပေမယ့် ငါတို့ PDF တပ်မတော်ရဲ့ လက်နက်က ပြည်သူကို ကာကွယ်ဖို့၊ ပြည်သူ့အသက် အိုးအိမ် စည်း စိမ်ကို စောင့်ရှောက်ဖို့ ဖြစ်တယ်။ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုရဲ့ လက်နက်က တော့ ငါတို့ ပြည်သူကို သတ်ဖို့၊ ဖြတ်ဖို့၊ နှိပ်စက် ဖို့ပဲဖြစ်တယ်။ ငါတို့ PDF တပ်မတော်နဲ့ ဒီအကြမ်းဖက်အုပ်စုဟာ လက်နက်ကိုင်ရခြင်း၊ တည်ရှိရခြင်း အဓိပ္ပာယ်နဲ့ အနှစ်သာရက မိုးနဲ့မြေလို၊ အဖြူနဲ့ အမည်းလို ကွာခြားတယ်၊ ကွာခြားမှလည်း ရမယ်ဆိုတာ ရဲဘော်တို့ သဘောပေါက် နားလည်ပြီးဖြစ်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013