DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်က အကျဉ်းသား ၁၇၅ ဦး၊ ပုသိမ်ထောင်က ခိုးဆိုးလုနိုက် ၃၃ ဦးနှင့် ထားဝယ်ထောင်က ၁၄ ဦး လွတ်မြောက်
DVB
·
April 17, 2023
အင်းစိန်ထောင်က အကျဉ်းသား ၁၇၅ ဦး၊ ပုသိမ်ထောင်က ခိုးဆိုးလုနိုက် ၃၃ ဦးနှင့် ထားဝယ်ထောင်က ၁၄ ဦး လွတ်မြောက်
Donate to DVB

စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ နိုင်ငံတဝန်းအကျဉ်းသား ၃၁၀၀ ကျော်ကို ဧပြီ ၁၇ ရက် ဒီကနေ့မနက် ပြန်လွှတ်ပေးရာမှာ ရန်ကုန် အင်းစိန်အကျဥ်းထောင်ကနေ ဆေးမှု၊ လူသတ်မှု၊ စစ်ပြေးနဲ့ ရဲပြေး အကျဥ်းသား အမျိုးသမီး ၁၀ ဦးအပါအဝင် စုစုပေါင်း ၁၇၅ ဦး လွတ်မြောက်လာပါတယ်။

စစ်ပြေးနဲ့  ရဲပြေးတွေကို ပြန်လွှတ်ပေးရာမှာ နွေဦးတော်လှန်ရေးကာလ CDM မလုပ်ဘဲ ကာလရှည်ကြာ စစ်ပြေးဘဝရောက်နေသူတွေကို အခုလို တော်လှန်ရေးကာလမှာ ဖမ်းဆီးအရေးယူပြီးနောက် ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဥ်းသားမိသားစုဝင်တွေ အများအပြား အင်းစိန်ထောင်ရှေ့ကို လာရောက်စောင့်ဆိုင်းခဲ့ပေမယ့် နိုင်ငံရေးအကျဥ်းသားတွေ တယောက်မှ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အကျဥ်းထောင်ကနေလည်း ဒီနေ့မနက် လွတ်ရက်နီးတဲ့ ခိုး၊ ဆိုး၊ လု၊ နိုက် ၃၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အနေနဲ့  ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အကျဥ်းထောင်ကနေ မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားများမပါ၀င်ဘူးလို့  အကျဥ်းဦးစီဌာနနဲ့နီးစပ်သူကပြောပါတယ်။

"နှစ်ဆန်းတစ်ရက်နေ့ ပုံမှန်အတိုင်းလွှတ်ပေးတာပါ။ ပုသိမ်ထောင်မှာရှိတဲ့ လွှတ်ခါနီးနေတဲ့အ ကျဥ်းသား ၃၃ ဦး ဒီမနက်ပိုင်းက ပြန်လွှတ်ပေးလိုက်တာပါ။  နိုင်ငံရေးအကျဥ်းသားတွေ တစ်ယောက်မှ လွှတ်မပေးပါဘူး။”

ပုသိမ်အကျဥ်းထောင်ကနေ လွှတ်ငြိမ်းချမ်းသာနဲ့လွှတ်ပေးလိုက်သူတွေဟာ ခိုးမှု၊ ရိုက်မှု၊ အရက်ပုန်းရောင်းမှု၊ လောင်းကစားမှု စတဲ့ရာဇ၀တ်အကျဥ်းသားများဖြစ်ပြီး ပြန်လွှတ်ဖို့ လပိုင်းသာ ကျန်ရှိနေသူတွေလို့ ဆိုပါတယ်။

ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၄၀၀ နီးပါးနဲ့ အမျိုးသမီး အယောက် ၇၀  လောက်အထိ ရှိနေတယ်လို့ အကျဥ်းထောင်အသိုင်းဝိုင်းကသိရပါတယ်။

ထားဝယ်အကျဥ်းထောင်ကနေ ပြန်လွတ်လာသူတွေအထဲမှာ နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံထားရသူတယောက်မှတော့ မပါဘဲ တခြားအမှုတွေနဲ့ဖမ်းဆီးခံရတဲ့ အကျဥ်းသား အကျဥ်းသူ ၁၄ ဦး လွတ်မြောက်လာတယ်လို့ ထောင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ပြန်လွတ်လာတဲ့သူတွေထဲ မူးယစ်ဥပဒေပုဒ်မနဲ့ ထောင်ကျခံနေရသူ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ တပ်မတော်အက်ဥပဒေနဲ့ ပြစ်ဒဏ်ကျခံနေရသူ အမျိုးသား ၃ ဦးနဲ့ ရဲစည်းကမ်းဥပဒေနဲ့ ပြစ်ဒဏ်ကျခံနေရသူ အမျိုးသား ၁ ဦးပါဝင်ပါတယ်။

ထားဝယ်နိုင်ငံရေးအကျဥ်းသူဟောင်းတဦးက "နိုင်/ကျဥ်းတွေထဲကတော့ လွတ်ရက်နီးနေတဲ့သူတွေတောင် မပါဘူး၊ တချို့ဆို လွတ်ဖို့ ၂ လလောက်ပဲ လိုတော့လို့ အပြင်ဆောင်ခေါ်ထုတ်ထားတာတောင်ရှိတယ်၊ သူတို့တောင် ပါမလာဘူး"လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ မြန်မာနှစ်သစ်အထိမ်းအမှတ်အနေနဲ့ အကျဥ်းထောင်အသီးသီးက အကျဥ်းသား/သူ ၃၀၁၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လွတ်ငြိမ်း​ချမ်းသာခွင့်ပေးလိုက်တယ်လို့ ဧပြီ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးတုန်းကတော့ ထားဝယ်အကျဥ်းထောင်က နိုင်/ကျဥ်း အယောက် ၄၀ ကျော် ပါဝင်ပါတယ်။

လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ အမှုရင်ဆိုင်နေရဆဲနဲ့ အမိန့်ချမှတ်ခံထားရပြီးဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသား ၂၉၀ ဝန်းကျင်နဲ့ နိုင်ငံရေးအကျဥ်းသူ ၆၀ ခန့်ရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN ထံကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013