
ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားအယောက် ၃၀ ကျော်ကို အဆောင်မှူးက ရိုက်နှက်ခဲ့ပြီး ဆေးဝါးကုသခွင့်မပေးဘူးလို့ အကျဉ်းသားနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
ဇူလိုင် ၅ ရက် ညနေက ထောင်မှာကျင်းပတဲ့ ဘောလုံးပွဲကို နိုင်ငံရေးအကျဉ်းသားတွေက သွားကြည့်ပြီး အဆောင်ကို အပြန်မှာ အဆောင်မှူးက ခေါ်ယူမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုမေးမြန်းတာကို နိုင်ငံရေးအကျဉ်းသားတယောက်က ဘောလုံးပွဲဟာ တရားဝင်ပေးလုပ်တဲ့ အကြောင်းရှင်းပြတာကို အဆောင်မှူးကို ပြန်ပြောတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဆောင် ၁ က အကျဉ်းသားတွေကို အဆောင်မှူးအောင်ကျော်ဆင့်က ရာဘာတုတ်နဲ့ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
အရိုက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဦးခေါင်း၊ လည်ပင်းနဲ့ မျက်နှာတွေမှာ ထိခိုက်ဒဏ်ရာ တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ တချို့ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် အိပ်ယာက မထနိုင်တဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရတဲ့ အကျဉ်းသားတွေကို ဆေးဝါးကုသခွင့်မပေးတဲ့အတွက် အကျဉ်းသားတွေက အချင်းချင်း ဆေးလိမ်းပြီး ပြုစုနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အင်းစိန်ထောင်နဲ့ နီးစပ်သူတယောက်က “အဓိက မျက်နှာနဲ့ ဦးခေါင်းတွေမှာ ဖူးရောင်ပြီး အဖုတွေ ထသွားတယ်။ ဆေးကုသခွင့်နဲ့ စပ်လျဉ်းပြီး စောဒကတက်ခွင့်မရကြပါဘူး၊ ရရှိထားတဲ့ ဒဏ်ရာတွေ ကို အချင်းချင်း အပြန်အလှန် ဆေးလူးပေးပြီး ရောင့်ရဲနေကြရပါတယ်။ အခုဖြစ်သွားတဲ့ ကိစ္စက အကြောင်းမဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှု တခုဖြစ်တယ်။ ငွေကြေးမတတ်နိုင်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက မျက်နှာသာမပေးဘဲ အလုပ်ကြမ်းတွေ ပိုလုပ်ခိုင်းပြီး ခွဲခြားဆက်ဆံခံနေရပါတယ်”လို့ ပြောပါတယ်။
အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေဟာ ရိုက်နှက်ခံရတာ၊ အလုပ်ကြမ်း ခိုင်းစေခံရတာ ၊ လျော့ရက်(ဗို့)မရတာစတဲ့ အကျဉ်းသားအခွင့်အရေးနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ခံစားနေရတယ် လို့ ဆိုပါတယ်။
အခုလို အကျဉ်းသားတွေ အကြောင်းမဲ့ ကိုယ်ထိလက်ရောက် အရိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး အကျဉ်းသားတွေနဲ့ သူတို့ရဲ့ နီးစပ်သူတွေကတော့ တရားမျှတမှုရရှိဖို့ အလိုရှိနေကြပါတယ်။
ထိခိုက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ဆေးကုသပိုင်ခွင့် အပြည့်အဝပေးဖို့နဲ့ အကျဥ်းဦးစီးဌာနက သက်ဆိုင်ရာ အရာရှိတွေအနေနဲ့ ကျူးလွန်သူကို အရေးယူဖို့ကို အကျဉ်းသားနဲ့ နီးစပ်သူတွေက အလိုရှိနေကြပါတယ်။
ရိုက်နှက်ခံရတဲ့ အကျဉ်းသားနဲ့ နီးစပ်သူတယောက်က “အခုလိုမျိုး မတရား ဖမ်းဆီးခံထားရတဲ့ အပြင်ကို လူ့အခွင့်အရေးကို ဘက်ပေါင်းစုံကနေ ချိုးဖောက်ခံနေရပြီး၊ ဘယ်သူ့မှမသိနိုင် ဘာမှ မပြောနိုင်တဲ့ အခြေအနေမှာ နိုင်ငံရေးအကျဉ်းသားအဖွဲ့အစည်းတွေ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ တခြားသော အကျဉ်းသားအဖွဲ့အစည်းတွေအနေနဲ့ ဒီဟာကို ကျယ်ကျယ်လောင်လောင် အာရုံစိုက်ပြီး ထုတ်ဖော်ပြောဖို့လိုတယ်၊ နိုင်ငံရေးအကျဉ်းသားတွေဟာ အရင်ကတည်းကလည်း ဒီလိုချိုးဖောက်ခံ ရတဲ့ကိစ္စတွေ ဆေးကုသခွင့်မရတဲ့ အခြေအနေတွေက အထဲမှာ ထပ်ခါတလဲလဲ ဖြစ်နေတယ်”လို့ ပြောပါတယ်။
အင်းစိန်ထောင်ထဲမှာ အရင်က နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်ကြမ်းခိုင်းစေတာ မရှိပေမဲ့ လက်ရှိမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်ကြမ်းတွေ ခိုင်းစေပြီး ငွေကြေးမတတ်နိုင်တဲ့ အကျဉ်းသားတွေကို ခွဲခြားဆက်ဆံတာတွေ ကြုံနေရတယ်လို့ အကျဉ်းသားနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
သီရိ










