DVB Logo
Home
မြန်မာသတင်း
ရေစကြို၊ ကျောမြို့၊ ဆားလင်းကြီးနှင့် မြင်းမူမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
April 17, 2023
ရေစကြို၊ ကျောမြို့၊ ဆားလင်းကြီးနှင့်  မြင်းမူမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု ဧပြီ ၁၆ ရက်မနက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၅ ယောက်လောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

ရေစကြို ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက“ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၆၊ ၂၅၈ ထဲမှာ လူစုနေတယ်လို့ သတင်းရတာကြောင့် ဧပြီ ၁၆ ရက် မနက် ၉နာရီလောက်မှာ ကျနော်တို့ဘက်က ဒရုန်းနဲ့ အီနာဂါဗုံးသီး ၃ လုံးဖြုတ်ချတိုက်ခိုက်ခဲ့တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၅ ယောက်လောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရေစကြိုပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရကာ တယောက်ကတော့ စိုးရိမ်ရကြောင်း တပ်တွင်းသတင်းပေးတွေအရ သိရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပကဖ၊ သံမဏိသိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ MRTF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

ရေစကြိုမြို့နယ် ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းကျေးရွာကြားမှာလည်း ဧပြီ ၈ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

မကွေးတိုင်း ကျောမြို့မှာလည်း ဧပြီလ ၁၅ ရက် ညနေပိုင်းက ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း(၁၉)PDF-ကျောကနေ သိရပါတယ်။

ကျောမြို့ ရဲစခန်းဘက်ကနေ သစ်တောဂိတ်ဘက်ကို အင်အား ၃၀ လောက်နဲ့ ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကို ဧပြီလ ၁၅ ရက် ညနေ ၅ နာရီလောက်မှာ ဒုတပ်ရင်းမှူးဦးစီးတဲ့ကွန်မန်ဒိုရဲဘော်တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ PDF-ကျောရဲ့တာဝန်ခံ နွေဦးမေတ္တာက ပြောပါတယ်။

နှစ်ဘက်အပြန်အလှန်ထိတွေ့တိုက်ပွဲ နာရီဝက်လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတိကျမသိခဲ့ရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ပေမယ့်လည်း PDF  ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာတော့ ညောင်ပင်သာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲပူးပေါင်းတပ်တွေကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဧပြီ ၁၆ ရက် မနက် ၁၀ နာရီလောက်မှာ ညောင်ပင်သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ အလုံး ၅၀ လောက် ၊ညနေ ၃နာရီမှာ လက်နက်ကြီးအလုံး ၅၀ လောက်နှစ်ကြိမ်ပေါင်း အလုံး၁၀၀ ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ National Revolutionary Guards မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သူရိန်က ပြောပါတယ်။

"အဲ့ရဲစခန်းမှာက စစ်ကောင်စီ၊ ရဲ ပူးတွဲထိုင်တပ်စွဲထားတာပါ။ ညညဆိုမူးပြီး ရမ်းသန်း လျှောက်ပစ်တာတွေရှိတယ်။  ကျနော်တို့ နှစ်ကြိမ်ပေါင်း ၃ နာရီလောက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရဲစခန်းထဲလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ အကျဆုံးကတော့ များနိုင်ပါတယ်။ ကျနော်တို့လည်း သေချာတော့မသိဘူး"လို့  ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို National Revolutionary Guards NRG/Salingyi၊ Figther 9 Force Salingyi ချင်းတွင်း ဒိုင်းနမိုက်နဲ့ တခြား ညီနောင်မဟာမိတ်တပ်ဖွဲ့တွ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိနိုင်ပေမဲ့ အရေအတွက် အတည်ပြုနိုင်ခြင်းမရှိပါဘူး။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာတော့ မန္တလေး-မုံရွာသွားကားလမ်းက မြင်းမူတိုးဂိတ်အနီး  စစ်ကောင်စီတပ်တွေကို ဧပြီ ၁၆ ရက် ညနေ ၅ နာရီလောက်က  လျှက်ဆားပုလင်း လက်ပစ်မိုင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

အပစ်ခံရတဲ့ စစ်ကောင်စီတပ်တွေဟာ PDF ဝတ်စုံတွ အသွင်ယူဝတ်ဆင်ကာ  ခရီးသွားကားတွေကို ငွေကြေးကောက်ခံတာလို့ မြင်းခြံခရိုင် တပ်ရင်း ၂ Zero ပြောက်ကျားတပ်ဖွဲ့  တပ်ရင်းမှူး ကိုသက်ကြီးက  ပြောပါတယ်။

“ပြည်သူတွေရဲ့ သတင်းပေးချက်အရ ကျနော်တို့ အနီးကပ်သွားပစ်ခတ်ခဲ့တာဗျ။ စစ်ကောင်စီက ရှစ်ယောက်တည်းပါ။ PDF တွေကို အမည်ဖျက်ချင်လို့ ကျနော်တို့ PDFဝတ်စုံတွေနဲ့ ငွေးတောင်ရမ်းနေတာ။ အဲဒါကို ကျနော်တို့က လျှက်ဆားပုလင်းတစ်လုံးနဲ့ သွားပစ်ခတ်ခဲ့တယ်။ စခ နှစ်ကောင်ကတော့ နေရာတင်သေတယ်။ ကျန်တဲ့အကောင်တွေကတော့ ပေါက်ပြဲဒဏ်ရာရသွားတယ်။”

အခုတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တပ်ရင်း(၇)နဲ့ True Fighter တပ်ခွဲ(၃) တို့ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ PDF ရဲဘော်တွေထိခိုက်မှုမရှိပေမဲ့  ဆိုင်ကယ်တစ်စီးဆုံးရှုံးခဲ့တယ်လို့ ကိုသက်ကြီးက ပြောပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ဧပြီ ၁၅ ရက်ကလည် မြင်းမူမြို့နယ်၊ ထီးဆောင်းရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို GPS စနစ်ပါ ၈၀ မမ၊ ၄၀ မမတွေနဲ့ သွားရောက် အလစ်ဝင်ရောက် ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်းမှာ ထိခိုက်သေဆုံးသူ အရေအတွက်အတိအကျကိုတော့  ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013