အိန္ဒိယမြို့တော် နယူးဒေလီမှာ ဆန္ဒပြပွဲအတွင်း ဇူလိုင် ၂၀ ရက်မှာ အိန္ဒိယလုံခြုံရေးအရာရှိတွေက ဆန္ဒပြသူတွေကို တုတ်တွေနဲ့ရိုက်နှက်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေကလည်း အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံတွေ ဝတ်ထားတဲ့ ရဲအရာရှိတွေကို ကျောက်ခဲတွေနဲ့ ပြန်လည် ပစ်ပေါက်ခဲ့ကြပါတယ်။
လူငယ်တွေဦးဆောင်တဲ့ ပိုးဟပ်ဂျန်ဒါပါတီ လှုပ်ရှားမှုဟာ မေလမှာကျင်းပတဲ့ ပြည်လုံးကျွတ် ဆေးကျောင်းဝင်ခွင့် စာမေးပွဲအတွက် မေးခွန်းတွေ ပေါက်ကြားပြီးတဲ့နောက် လူမှုမီဒီယာပေါ်မှာ ထောက်ခံသူ သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့တာပါ။
ကျောင်းသား ၂ သန်းလောက် စာမေးပွဲပြန်ဖြေခဲ့ရပြီး တချို့က ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြတဲ့ ပညာရေးလောကမှာ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုရဲ့ လက္ခဏာတရပ်ဖြစ်တယ်လို့ လှုပ်ရှားမှုက ပြနေခဲ့ပါတယ်။
အစာငတ်ခံဆန္ဒပြနေတဲ့ တက်ကြွလှုပ်ရှားသူ ဆိုနမ် ဝမ်ချပ်ခ်ကို ဇူလိုင် ၁၈ ရက်မှာ ဆေးရုံဆီ အတင်းအကျပ် ရွှေ့ပြောင်းဖို့ ရဲတပ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်က ပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီး ဒါမန်ဒြာ ပရာဒန် ရာထူးကနေနုတ်ထွက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို လှုံ့ဆော်ပေးခဲ့ပါတယ်။
လှုပ်ရှားမှုဟာ လပေါင်းများစွာကြာခဲ့ပြီး တနင်္လာနေ့မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာက လွှတ်တော်ဆီ ချီတက်ဆန္ဒပြချိန်မှာ အစိုးရအနေနဲ့ တောင်းဆိုချက်တွေကို ချိန်ဆမယ်လို့ ပြည်ထောင်စုဝန်ကြီးတယောက်က ကတိပြုခဲ့ပါတယ်။
ပိုးဟပ်ဂျန်ဒါပါတီကို လူကြိုက်များမှု မြင့်တက်လာတာဟာ အလုပ်အကိုင်ရှားပါးမှုအပြင် စာမေးပွဲမေးခွန်း ပေါက်ကြားမှုတွေ အပါအဝင် အိန္ဒိယလူငယ်တွေကြားက စိတ်ပျက်အားငယ်မှုတွေကို ထင်ဟပ်စေတယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။
Source: Reuters











