DVB Logo
Home
မြန်မာသတင်း
ကျောက်ထုလေတပ်၊ အမြောက်တပ်၊ ကပစ နှင့် ဝါဇီငွေစက္ကူစက်ရုံတို့ကို PDF တိုက်ခိုက်
DVB
·
April 17, 2023
ကျောက်ထုလေတပ်၊ အမြောက်တပ်၊ ကပစ နှင့် ဝါဇီငွေစက္ကူစက်ရုံတို့ကို PDF တိုက်ခိုက်
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ထဲက ကျောက်ထု လေတပ်၊ အမြောက်တပ်၊ ကပစ(၂၃) နဲ့ ကျောက်ထုမြို့နယ်ရဲစခန်းတို့ကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) က တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဧပြီ ၁၄ ရက်ည ၈ နာရီလောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (မကွေးခရိုင်) အ မှတ် (၁) တပ်ရင်း၊ (ဂန့်ဂေါခရိုင်) အမှတ် (၂) (၄) (၁၀) တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ဆော) တို့ ပူးပေါင်းကာ အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုံး တွေ၊ Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေ့လယ်ပိုင်းမှာလည်း ကျောက်ထုလေတပ်ဆွယ်၊ အမှတ် (၃၆၈) အမြောက်က်တပ်ရင်း၊ ကျောက်ထု မြို့နယ်ရဲစခန်းတို့ကို PDF ဂန့်ဂေါခရိုင်အမှတ်(၈/၉)တပ်ရင်း၊ ဆော(PDF YRPA) နဲ့ (DRONE. Revolutionary Rebel Force) တို့က ရှော့တိုက်ဒုံးတွေ၊ Rocket တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အမှတ် (၃၆၈)  အမြောက်တပ်ရင်းထဲက အဆောက်အဦးတွေ မီးလောင် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က ထိခိုက်သေဆုံးအခြေအ နေတွေကိုတော့ စိစစ်စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်လုံးဝမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မကွေးတိုင်းထဲက ငွေစက္ကူ ရိုက်ထုတ်တဲ့ ဝါဇီစက်ရုံနဲ့ ကပစ စက်ရုံတို့ကို ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့မှာ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့​တယ်လို့ Black Hawk Seikphyu Revolution Front က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Black Hawk Seikphyu Revolution Front (မကွေးတိုင်း Drone အတူးတပ်ရင်း၊ တပ်ရင်း  - ၁ တပ်ခွဲ-၅ အဖွဲ့နဲ့ စလေမြို့အခြေစိုက် OAK AWE UG အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

“နံနက် ၆ နာရီဝန်းကျင်က အဖွဲ့ ၃ ဖွဲ့ခွဲ လှုပ်ရှားခဲ့ပါတယ်။ ဝါဇီစက်ရုံအတွင်း ထိခိုက်၊ ပျက်စီးမှုများရှိသည်ဟုသိရပေမဲ့ ပျက်စီးမှု အတိအကျမသိရသေးပါ၊ ရှော့တိုက်ဒုံးပစ်တဲ့ နေရာကိုတော့ ဝါဇီတပ်က စစ် (-)တွေ လာရောက်စစ်ဆေးတာတော့ရှိတယ်”

ရှော့တိုက်ဒုံး ပစ်သွင်းတိုက်ခိုက်ရာမှာ ၄ လုံးကတော့ ပစ်မှတ်ဆီ ကျရောက်ခဲ့ပေမယ့် ၁ လုံးကတော့ Error တက်ပြီး လေပေါ်မှာသာ ပေါက်ကွဲသွားခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဆိပ်ဖြူ အနောက်ပိုင်း အုပ်ချုပ်ရေးမှူး အောင်မိုးဝင်း အိမ်ကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့​ပြီး လက်နက်ချို့ယွင်းချက်တွေကြောင့် မထိရောက်ခဲ့တဲ့အပြင် သင်္ကြန်လုံခြုံရေး ယူနေတဲ့ စစ်သားတွေနဲ့ ရဲတွေ ရောက်လာတဲ့အတွက် ဆုတ်ခွာခဲ့ရ​တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013