DVB Logo
Home
မြန်မာသတင်း
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု၌ သေဆုံးခဲ့သည့် ကလေးများအပါအဝင် ၁၆၈ ဦးအတွက် တရားမျှတမှု ပြန်ရရေး ကြိုးပမ်းမည်ဟု NUG ပြော
DVB
·
April 16, 2023
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု၌ သေဆုံးခဲ့သည့် ကလေးများအပါအဝင် ၁၆၈ ဦးအတွက် တရားမျှတမှု ပြန်ရရေး ကြိုးပမ်းမည်ဟု NUG ပြော
Donate to DVB

ပဇီကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသား ၁၁၈ ဦး အမျိုးသမီး ၄၆ ဦးနဲ့ ကျားမ ခွဲခြားမရသူ ၄ ဦး စုစုပေါင်း ၁၆၈ သေဆုံးပြီး ဒီအထဲမှာ အသက် ၁၈ နှစ်အောက်နဲ့ အရွယ်မရောက်သေးတဲ့ ကလေး ၄၀ နီးပါးပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဧပြီ ၁၆ ရက် ဒီကနေ့ မနက် အွန်လိုင်းကနေ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ကြေညာပါတယ်။ 

ဒါ့အပြင် ဒဏ်ရာရသူတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနဲ့ ကျန်းမာရေးဝန်ကြီးဌာန ဆေးတပ်ဖွဲ့တွေက ကုသပေးနေပြီး လက်ရှိအချိန်အထိ အကြီးစားကုသမှုခံယူနေရတဲ့ ဒဏ်ရာရ အမျိုးသား ၁၃ ဦး အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၆ ဦးရှိတယ်လို့လည်း ဆိုပါတယ်။

ပဇီကြီးကျေးရွာက စစ်ဘေးရှောင် အယောက် ၃၀၀ ကျော်အတွက် လိုအပ်တာတွေ ထောက်ပံ့ကူညီပေးနေသလို ကျန်ရစ်သူမိသားစုတွေ၊ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေရဲ့ စိတ်ဒဏ်ရာလျော့ပါးနိုင်ဖို့ နှစ်သိမ့်ဆွေးနွေးအစီအစဉ်တွေ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ပြန်လည်ရရှိရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပဇီကြီးကျေးရွာမှာ အရပ်သားတွေ အခြေပြုဖွဲ့စည်းထားတဲ့ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရွားနီးခြောက်စပ်က ရွာသူရွာသားတွေကို ဖိတ်ကြားပြီး ရပ်ဓလေ့ရွာဓလေ့အရ ရုံးသစ်တက် အလှူအတန်းအဖြစ် ထမင်းဖိတ်ကျွေးခဲ့ချိန် လေကြောင်းပစ်ခတ်တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ NUG အစိုးရတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အခုအချိန်ထိ လူသတ်မှုတွေ ကျူးလွန်နေတဲ့ ရာဇဝတ်ကောင်ဖြစ်ပြီး နိုင်ငံတကာက ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဒါတွေကို တားဆီးဖို့အတွက် လုပ်ဆောင်ပေးဖို့ ထပ်ပြီးတော့ သတင်းစကားပေးလိုက်တာ။ ပြည်သူတွေက အသက်နဲ့ရင်းပြီးတော့ ပေးလိုက်တဲ့ သတင်းစကားဖြစ်တယ်။ အဲတော့ ကျနော်တို့ ပြောနေတာ ဒါမျိုးနောက်ထပ်ဖြစ်လာနိုင်တယ်။ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှု၊ အထူးသဖြင့် လေကြောင်းပိတ်ဆို့မှုနဲ့ အကြမ်းဖက်စစ်ကောင်စီကို ငွေကြေးအရ ထောက်ပံ့ပေးနေတဲ့ MOGE အပါအဝင် စီးပွားရေးရင်းနှီးမြှုပ်နှံမှု အကုန်လုံး မရပ်တန့်ရင် ကန့်ဘလူလို အဖြစ်မျိုး နောက်ထပ်အများကြီး ဖြစ်လာနိုင်တယ်။ ဒီလိုမျိုးဖြစ်ပျက်မှု သေဆုံးမှုက ဒီတစ်ခါ နောက်ဆုံးဖြစ်ဖို့အတွက် အရေးယူဆောင်ရွက်မှု အထူးသဖြင့် လေယာဥ်ဆီတင်ပို့ရောင်းချမှုတွေ၊ လက်နက်တင်ပို့ရောင်းချမှုတွေ နည်းပညာတွေပေးတာတွေ အမြန်ဆုံးရပ်တန့်ဖို့အတွက် ဆက်လက် တောင်းဆိုလျက်ရှိပါတယ်။ ဒါ့အပြင် အခုဒီကာကလ မကြာခင် ASEAN SUMMIT ကျင်းပတော့မှာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီဟာ အခုအချိန်ထိ လူသတ်မှုတွေ ကျူးလွန်နေတဲ့ ရာဇဝတ်ကောင်ဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ဘယ်လိုမှ အာဆီယံအနေနဲ့ လက်တွဲဆောင်ရွက်ဖို့မလိုဘူး။ ဒီထက်ပိုပြင်းထန်သောကိစ္စတွေဖြစ်ဖို့အတွက် အာဆီယံကိုလည်း သတိပေးပြီးတော့ လုပ်ဆောင်လျက်ရှိပါတယ်။”

စစ်ကောင်စီကို တကယ့်ရာဇဝတ်မှုကျူးလွန်မှုတွေကို နိုင်ငံတကာခုံရုံးမှာပဲ ဖြစ်စေ ဒါမှမဟုတ် ကမ္ဘာလွှမ်းခြုံတရားစီရင်ရေး Universal Jurisdiction ဆိုတဲ့ တရားစွဲဆိုတဲ့နိုင်ငံမှာ အမြန်ဆုံးစွဲဆိုနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ဧပြီလ ၁၁ရက်နေ့ မနက်ပိုင်းက Yark-130 ဂျက်တိုက်လေယာဉ်နဲ့ အင်အားပြင်း ဗုံး ၂ လုံး ကြဲချခဲ့သလို  MI-35 စစ်ရဟတ်ယာဉ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေ အစုလိုက်အပြုံ သေဆုံးခဲ့တာဖြစ်တဲ့ အကြောင်း  အသက်မသေပဲလွတ်မြောက်လာသူတွေ၊ ဒဏ်ရာရသူတွေ၊ လက်နက်ကျွမ်းကျင်သူတွေနဲ့ NUG တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပြောကြားခဲ့ကြတာပါ။

တိုက်ခိုက်ခံရတဲ့နေရာမှာ လက်နက်ခဲယမ်းတွေ ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ပြောဆိုထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ပြောကြားသွားခဲ့ကြပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကိုတော့ ဧပြီ ၁၆ ရက် မနက်ဖြန်မနက် ၁၀ နာရီက PVTV , Radio NUG နဲ့ DVB အပါအဝင် သတင်းမီဒီယာတချို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။

စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပေမဲ့  ပေါက်ကွဲမှုအဆမတန်ကြီးမား လူအသေအပျောက်များတာဟာ  PDF တွေရဲ့ ယမ်းသိုလှောင်ရုံကို ပစ်ခတ်မိတာကြောင့်သာဖြစ်တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေမှာ ပြောဆိုခဲ့ပါတယ်။

ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ အီးယူနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာက အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး ဒီလုပ်ရပ်ကို ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံဖို့နဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့  တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013