DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်ခံပြီးနောက် ၅ ရက်အကြာ ပဇီကြီးကျေးရွာမြင်ကွင်း (ဓာတ်ပုံ)
DVB
·
April 16, 2023
လေကြောင်းတိုက်ခိုက်ခံပြီးနောက် ၅ ရက်အကြာ ပဇီကြီးကျေးရွာမြင်ကွင်း (ဓာတ်ပုံ)
1 / 9
Donate to DVB

စစ်ကောင်စီရဲ့ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်းရာချီ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တဲ့ ပဇီကြီးကျေးရွာမှာ အသက်မသေဘဲကျန်ရှိနေတဲ့ ပြည်သူတွေဟာလည်း တိုက်ခိုက်ခံရပြီး  ၅ ရက်မြောက်နေ့ထိ ကျေးရွာကို မပြန်နိုင်သေးဘဲ နီးစပ်ရာ တောတောင် ချောင်းမြောင်းကြားမှာပဲ ပုန်းခိုနေကြရပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေနဲ့ လေယာဉ်တွေလာတယ်ကြားတိုင်း  တောထဲအထဲမှာ တောင်မနေရဲဘဲ ခြုံကြား ပုန်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်နေပြီး ကြောက်ရွံ့စိတ်တွေ လွှမ်းမိုးနေကြပါတယ်၊။ လူသံကြားရင်တောင် ပြည်သူတွေမှာ ပုန်းနေကြရတဲ့အဆင့်ရောက်နေပြီး ညဆိုရင်လည်း  မြေကြီးပေါ် သစ်ပင်အောင်နဲ့ခြုံကြားမှာ ပုန်းအိပ်နေကြရပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို  ဧပြီ ၁၁ ရက်မှာ စစ်ကောင်စီက တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့  လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပါအဝင် လူအစုလိုက်အပြုံလိုက် ၁၇၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသတွင်း စာရင်းပြုစုနေသူတစ်ဦးထံက သိရပါတယ်။

၂၀၁၉ ခုနှစ် စာရင်းအရ ပဇီကြီးကျေးရွာမှာ အိမ်ခြေ ၂၃၀ ကျော်ရှိပြီး လူဦးရေ ၁၄၀၀ ကျော်နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာမှာရှိတဲ့ အိမ်တိုင်းလိုလိုမှာ ထိခိုက်သေဆုံး ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်ပြီး မိသားစုတခုလုံးသေဆုံးသွားခဲ့တဲ့အိမ်တွေနဲ့    တမိသားစုထဲ ၇ ယောက်လောက်အထိ သေဆုံးခဲ့ကြတာတွေလည်းရှိတယ်လို့ စာရင်းပြုစုနေသူတစ်ဦးက   ပြောပါတယ်။

“တချို့ မိဘတွေပါသွားကြပြီး ကလေးသူငယ်တွေပဲ မိမဲ့ဖမဲ့ ကျန်ရစ်ခဲ့တယ်။ တချို့ကတော့ မိခင်တယောက်ပဲကျန်ခဲ့ပြီး ယောကျ်ားနဲ့ သားသမီးတွေ အကုန်ပါသွားတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါပါသွးကြသလို နို့စို့အရွယ် သားအမိတွေလည်း ပါသွားကြတယ်။ စုရပ်တစ်ခုမှာဆို လူဦးရေ ၃၀ လောက်ရှိပေမဲ့  အမျိုးသား ၆ ဦးလောက်သာ ကျန်ရှိပြီး မင်္ဂလာအိမ်သွားဝိုင်းကူနေကြတဲ့ အိမ်ထောင်ရှင်မအမျိုးသမီးတွေသာ ကျန်ရှိပါတော့တယ်။” 

လက်ရှိအချိန်မှာတော့ ကျေးရွာအတွင်းမှာ လူသူတစ်ယောက်မှမရှိဘဲ အိမ်မွေးတိရစ္ဆာန်တွေကို ပစ်ထားခဲ့ကြရပြီး အိမ်တောင်ဘာမှပြန်မယူရဲဘူးလို့ သိရပါတယ်။

အခုအချိန်မှာ ရွာသူရွာသားတွေဟာ ဘာအကူညီမှမရှိသေးဘဲ အားပေးစကားပြောမယ့်သူတောင် မြေပြင်ကို ရောက်မလာကြဘူးလို့ဆိုပါတယ်။

အမျိုးသမီးတစ်ဦးကတော့ နောက်ထပ်လာပစ်ရင် လမ်းပေါ်တက် အပစ်ခံပြီး သူပါသေချင်တယ်လို့ ပြောကြားသလို မိခင်တယောက်တော့ သားသုံးယောက်လုံးပါသွားတဲ့အတွက် အရူးတစ်ပိုင်းလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

ကျန်ရစ်ခဲ့တဲ့ နောက်အမျိုးသမီးကတော့ အဆိပ်သောက်သေပြီး သေးဆုံးသွားတဲ့သူတွေနောက်သာ လိုက်သွားချင်တော့တယ်လို့ ပြောပါတယ်။

ပဇီကြီးကျေးရွာရှိ လေကြောင်းတိုက်ခိုက်ခံရတဲ့ အဆောက်အဦအတွင်း လက်ဖက်ရည်ဝိုင်းမှာ ရှိနေတဲ့ အသက်ဘေးက လွတ်မြောက်ခဲ့သူ ရွာသားတဦးကတော့  စစ်ကောင်စီက ပြောသလို မိုင်းတွေယမ်းတွေပေါက်ကွဲပြီး သေဆုံးတာမဟုတ်ဘဲ ဂျက်ဖိုက်တာဗုံးကြဲတာကြောင့် အဆောင်အတွင်းနဲ့ အဆောင်ရှေ့ ကျွေးမွေးဧည့်ခံနေသူအားလုံး သေဆုံးသွားကြတယ်လို့  ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ တိုက်ခိုက်ခံရတဲ့နေရာမှာရှိနေသူတွေထဲက အဆိုပါ ရွာသားနဲ့အတူ ၃ ယောက်ပဲ အသက်ရှင်လျက် ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ပဇီကြီးကျေးရွာအနီးမှာ NUG ရုံးဖွင့်ပွဲပြုလုပ်ဖို့ရှိတယ်လို့ ဒေသခံတချို့က  အချိန်နဲ့ နေရာကို တိကျစွာ သတင်းပေးပို့လာခဲ့လို့ ကျေးရွာနဲ့ အကွာအဝေးကို တွက်ချက်ကာ အပြစ်မဲ့ပြည်သူတွေ မထိခိုက်စေရေး လေကြောင်းကနေ အကန့်အသတ်နဲ့ တိုက်ခိုက်ချေမှုန်းမှုခဲ့တာလို့  သတင်းထုတ်ပါတယ်။

အဆောက်အဦဖွင့်ပွဲအခမ်းအနားမှာ ခင်းကျင်းပြသထား လက်နက်/ခဲယမ်းတွေ ထပ်မံပေါက်ကွဲမှု ကြောင့် ပြင်းထန်စွာပေါက်ကွဲမှုကြီးတွေ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု ပိုမိုများပြားတာလို့လည်း  စစ်ကောင်စီကဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ အမျိုးသား ၁၂၁ ယောက်၊ အမျိုးသမီး ၄၇ ယောက် စုစုပေါင်း ၁၆၈ ယောက်သေဆုံးပြီး ဒီအထဲမှာ အသက်  ၁၀ နှစ်အောက် ကလေးငယ် ၂၅ ဦးနဲ့  ၁၆ နှစ်အောက် ကလေးငယ် ၁၂ ယောက်ပါဝင်တယ်လို့   ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။

သေဆုံးသူ  ၁၀ ကျော်ဟာ ပဇီကြီးရွာကဖြစ်ပြီး ကျန်တဲ့သေဆုံးသူတွေက ရွာသာယာ၊ လေးတွင်းစင်၊ မယ်ဇတော၊ ထနောင်းကိုင်းကြီးနဲ့ သာယာမွန်ကျေးရွာသားတွေ ဖြစ်ကြပါတယ်။

ဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အမေရိကန်၊ အီးယူ၊ အာဆီယံအပါဝင် နိုင်ငံတကာက အပြင်းအထန်ရှုတ်ချထားပြီး အရပ်သားတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013