
သန်လျင်နဲ့ လွိုင်ကော်မြို့နယ်တို့မှာ မေ ၁၀ ရက်နဲ့ ၁၁ ရက်က ရေနစ်ပြီး ကလေး ၁ ယောက်နဲ့ လူငယ် မောင်နှမ ၃ ယောက် သေဆုံးတယ်လို့ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
မေ ၁၁ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီလောက်က သန်လျင်မြိုနယ်၊ အောင်ချမ်းသာရပ်ကွက်၊ ကန်နီရေကန်မှာ ယောကျ်ားလေး ၂ ယောက် ရေဆင်းကူရာကနေ ရေနစ်နေတဲ့ သတင်းရလို့ သန်လျင်မြို့နယ်မီးသတ်စခန်းက သွားရောက်ကယ်ဆယ်ခဲ့ပြီး ၃ နာရီ ၂၅ မိနစ်လောက်မှာ ကလေး တယောက်ရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
နောက်တယောက်ကိုတော့ ၃ နာရီ ၂၇ မိနစ်မှာ အသက်ရှင်လျက် ရှာတွေ့ပြီး စကားဝါ လူမှုကူညီရေးအသင်းနဲ့ လောကအလင်းတန်း လူမှုကူညီရေးအသင်းတို့က လူနာတင်ယာဉ်တွေနဲ့ သန်လျင်ပြည်သူ့ဆေးရုံဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မေ ၁၀ ရက် မနေ့ မနက် ၁၁ နာရီခွဲလောက်ကလည်း လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာက သဲချောင်းမှာ လူ ၃ ယောက် ရေနစ်နေတဲ့သတင်းရတာကြောင့် လွိုင်ကော်မီးသတ်စခန်းက ရှာဖွေကယ်ရေးလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မွန်းလွဲ ၁ နာရီခွဲလောက်မှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ရွှေညောင်ပင် နာရေးကူညီမှုကားနဲ့ လွိုင်ကော် ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ နမ့်ဘော်ဝမ်ရပ်ကွက်က အသက် ၁၉ နှစ်နဲ့ ၂၀ အရွယ်ညီအကို၊ ၁၈ နှစ်အရွယ် ညီမတို့ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ ရေဆင်းကူးရာကနေ ညီမနစ်လို့ လိုက်ဆယ်ရင်း အကိုနှစ်ယောက်ပါ နစ်သွားတာလို့ သိရပါတယ်။










