DVB Logo
Home
မြန်မာသတင်း
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ဟု မြန်မာသံအမတ်ကြီးပြော၊ သရဲဘောကြောင်သည့် တိုက်ခိုက်မှုဟု ဗြိတိန်သံအမတ်ပြော
DVB
·
April 14, 2023
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ဟု မြန်မာသံအမတ်ကြီးပြော၊   သရဲဘောကြောင်သည့် တိုက်ခိုက်မှုဟု  ဗြိတိန်သံအမတ်ပြော
Donate to DVB

ပဇီကြီးကျေးရွာရှိ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းနဲ့တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုမြောက်တယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့  စပ်လျဉ်းပြီး ဧပြီ ၁၃ ရက်က နယူးယောက်မြို့  ကုလသမဂ္ဂဌာနချုပ်မှာ  ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဘာဘရာဝုဒ်ဝပ်ဒ်နဲ့အတူ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။

ဧပြီ ၁၁ ရက်နေ့ဟာ မြန်မာနိုင်ငံအတွက် နောက်ထပ်အမှောင်မိုက်ဆုံးနေ့တစ်နေ့ ဖြစ်ကြောင်း၊ အဲဒီနေ့မနက်ပိုင်းမှာ လူမဆန်တဲ့စစ်တပ်ဟာ ပဇီကြီးကျေးရွာရှိ ပြည်သူတွေ စုဝေးနေတဲ့ နေရာအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊  MI-35 စစ်ရဟတ်ယာဉ်နဲ့ ဝေဟင်မှ စက်သေနတ်နဲ့ ပစ်ခတ်မှုတို့ကို မဆင်မခြင် အလွန်အကျွံပြုလုပ်ခဲ့သလို ညနေပိုင်း အရေးပေါ်ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ထပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသူရွာသား ၁၆၈ ဦး အသက်သေဆုံးခဲ့ရကြောင်း၊ ၃၅ ဦးမှာ ကလေးငယ်တွေဖြစ်ပြီး  ၆  လသား ရင်သွေးငယ်ပင်ပါဝင်ကြောင်း၊ အမျိုးသမီး ၂၇ ဦးတို့ ပါဝင်ကြောင်း၊ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မှာ ဆိုးရွားစွာ မီးလောင်ပျက်စီးနေလို့  အမြင်နဲ့ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားလို့ပင် မဖြစ်နိုင်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုမြောက်တာ သိသာထင်ရှားပြီး အခုတကြိမ်ဟာပထမဦးဆုံးအကြိမ် ပြစ်မှုကျူးလွန်တာ မဟုတ်ဘဲ ကျူးလွန်ထားပြီးဖြစ်တဲ့ မြောက်မြားလှစွာသော နိုင်ငံတကာပြစ်မှုတွေအနက် တစ်ခုဖြစ်တယ်၊ အခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၆ ကြိမ်ရှိပြီး စစ်တပ်အာဏာသိမ်းချိန်တည်းက လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

စစ်တပ်ရဲ့ ဒီလုပ်ရပ်တွေဟာ အကြမ်းဖက်မှုတွေရပ်ဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ကြောင်း၊ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကယ်တင်ပေးဖို့၊ စစ်အာဏာရှင်ရဲ့ ပြစ်ဒဏ်ခတ်ခြင်း ကင်းလွတ်နေမှုအား အပြီးတိုင်ချုပ်ငြိမ်းဖို့နဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေကို ချက်ချင်းလုပ်ဆောင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။

ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် ဘာဘရာဝုဒ်ဝပ်ဒ်က ပြောကြားရာမှာ စစ်တပ်အနေနဲ့ အဆိုပါ တိုက်ခိုက်မှုကို ငြင်းဆန်ခြင်းမရှိဘဲ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုသူတို့ ကျူးလွန်တယ်လို့ ဝန်ခံခဲ့ကြောင်း၊ ဗြိတိန်အနနဲ့ ကလေးငယ်တွေနဲ့ လက်နက်မဲ့အရပ်သားပြည်သူတွေအပေါ် အခုလို သရဲဘောကြောင်စွာ တိုက်ခိုက်တာကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်းပြောပါတယ်။

ဒီလုပ်ရပ်မှာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ဒီပြစ်မှုအတွက် ဘယ်လို ခုခံချေပနိုင်တဲ့ အကြောင်းအရင်းခံမရှိကြောင်း၊ လုံခြုံရေးကောင်စီအနေနဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချကန့်ကွက်ဖို့နဲ့  လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို အမှတ် ၂၆၆၉ ကို  စစ်တပ်က အပြည့်အဝအကောင်အထည်ဖော်ဖို့တောင်းဆိုရမယ်လို့ ယုံကြည်ကြောင်း၊ ဒါပေမဲ့ လုံခြုံရေးကောင်စီအနေနဲ့ ဒီလိုလုပ်ဆောင်နိုင်ခြင်း မရှိသေးတဲ့ အပေါ် စိုးရိမ်ကြောင်း၊ ဗြိတိန်နိုင်ငံ အနေနဲ့ စစ်တပ်မှ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်ခဲ့တဲ့ လုပ်ရပ်အားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ရရာနည်းလမ်းနဲ့ ဆက်လက်လုပ်ဆောင်မယ်လို့ ဗြိတိန်သံအမတ်က ပြောပါတယ်။

ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုနဲ့  ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာချက်ထုတ်ပြန်နိုင်ဖို့  ဗြိတိန်နိုင်ငံ သံအမတ်ကြီးနဲ့အဖွဲ့တွေက ကြိုးပမ်းခဲ့ပေမဲ့ လက်ရှိ လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌရုရှားနဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့တဲ့ အတွက် ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013