Home
မြန်မာသတင်း
BGF သိန်းတန်ကုန်းကို ကော်ဘရာစစ်ကြောင်း သိမ်းပိုက်၊ ၄ ရက်အတွင်း စစ်ကောင်စီဘက်က ၂၀ သေ
DVB
·
April 14, 2023

ကရင်ပြည်နယ်အတွင်း BGFတွေ တပ်စွဲထားတဲ့ သိန်းတန်ကုန်းကို သိမ်းပိုက်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ၄ ရက်တာအတွင်း တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က အယောက် ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်ကနေ ၁၃ ရက်အထိ တိုက်ပွဲသတင်းတွေကို ထုတ်ပြန်လိုက်တာဖြစ်ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဧပြီ ၁၀ ရက်မှာတော့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးပစ်ခတ်တာကလွဲလို့ ထိတွေ့မှုမရှိပေမဲ့ နောက်တရက် ဧပြီ ၁၁ ရက်မှာတော့ အကြမ်းဖက်စစ် ကောင်စီတပ်တွေဘက်က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

မနက် ၇ နာရီခွဲလောက်မှာ တိုက်လေယာဉ်နဲ့  ဗုံး ၅ ကြိမ် ပစ်ခတ်ပြီး အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တာကြောင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကာ ၁၁ နာရီခွဲလောက်မှာတော့ MI35 တစင်း နာရီဝက်လောက် ပျံဝဲပြီး ဒုံးကျည်တွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် နေ့လယ်  ၂ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်တိုက်ရေယာဉ်နဲ့ နဲ့ ဗုံးကြဲခဲ့ပြီး ည ၁၂ နာရီခွဲမှာလည်း၁ ကြိမ် ဗုံးကြဲခဲ့ကာ အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးပြီးတော့ ၁၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၄ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၂ ရက်မှာတော့ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေဘက်က BGF သိန်းတန်ကုန်းကို တက်ရောက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လက်နက် ၁၁ လက်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ကျည်အိမ်၊ နင်းမိုင်း ၁ လုံး၊ 5.56 ၅၈၄ တောင့်၊ 7.62 ကျည် ၇၅ တောင့်၊ အေကေကျည်ဘောက် ၂ ခု၊ HK ကျည်ဘောက် ၅ ခု၊ ကာဘိုင်ကျည်ဘောက် ၂ ခု၊ M ၁၆ ကျည်ဘောက် ၄ ခု သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီ ၁၃ ရက်မှာလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ကျောက်မိုင်း BGF စခန်းကုန်းကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၃ ယောက် သေဆုံးခဲ့ကာ စစ်ကောင်စီတပ်တွေဘက်ကလည်း တနေကုန် မကြာခဏ လက် နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ် တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024