DVB Logo
Home
မြန်မာသတင်း
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃၀ ဝန်းကျင်အထိရှိလာနိုင်
DVB
·
April 13, 2023
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ  ၁၃၀ ဝန်းကျင်အထိရှိလာနိုင်
Donate to DVB

ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုမှာ ကလေးတွေအပါအဝင် သေဆုံးသွားတဲ့ အရပ်သားပြည်သူစုစုပေါင်း ၁၃၀ ဝန်းကျင်အထိရှိလာ နိုင်တယ်လို့ ဒေသခံ  PDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။

PDF တွေရဲ့လက်နက်ခဲယမ်းတွေကို တိုက်လေယာဉ်က ပစ်ခတ်မိတာကြောင့် ပေါက်ကွဲ မှုကြီးမားပြီး လူအသေပျောက်များတာဆိုတဲ့ စစ်ကောင်စီ ပြောခွင့်ရသူ  ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ဟာ  အလိမ်အညာတွေသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဧပြီ ၁၁ ရက် မနက်က ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာမှာပြုလုပ်နေတဲ့ ပြည်သူ့လုံခြုံရေးရုံးဖွင့်ပွဲကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့  ကျောင်းသားကလေးတွေ ၃၀ ကျော်အပါအဝင် အရပ်သား ၁၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေထွက်ရှိခဲ့ပါတယ်။

ဒဏ်ရာရသူတချို့ ထပ်မံသေဆုံးသွားတာ၊ ခြေပြတ်၊ လက်ပြတ်နဲ့ အလောင်းပုံမပေါ်တဲ့ အစိတ်အပိုင်း တစစီဖြစ်သွားတဲ့ သေဆုံးသူ ၃၀ ဝန်းကျင်ရှိနိုင်တဲ့အတွက် စုစုပေါင်း သေဆုံးသူ ၁၃၀ ဝန်းကျင်အထိရှိမယ်လို့ ကန့်ဘလူဒေသခံ PDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။

"တိတိကျကျ ၁၃၀ ဆိုတာက အလောင်းကောက်ပြီးတော့မှ ရရှိတာက  ၈၀ ကျော်ကတော့ မှန်တယ်။ ဒါပေမဲ့ အပိုင်းပိုင်းပြတ်သွားတဲ့သူတွေက တော်တော်များတယ်။ ခန့်မှန်းခြေက ၅၀ ဝန်းကျင် ဒဏ်ရာရတယ်။ ခြေပြတ်လက်ပြတ် အသေးစားအကြီးစားပေါ့။ ဒါပေမဲ့ အကုန်လုံးက စစ်ဘေးရှောင်နေကြတာဆိုတော့ အသေးစိတ်က လုံးဝကောက်လို့မရသေးဘူး။ လေယာဉ်က ဝဲလိုက် ကင်းထောက်က ဝဲလိုက်ဆိုတော့ လုပ်လို့မရသေးဘူးပေါ့။ ကုသပေးနေတာ ၃၊ ၄ ယောက်ကတော့ဆုံးသွားပြီ။ မြို့နယ်ပအဖကလည်း သူတို့ကောက်လို့မရသေးဘူးဆိုတာက လောလောဆယ်က မကပ်ရဲသေးဘူးဗျ။ ရသလောက်သာဆွဲထုတ်ပြီးတော့မှ ကုနေရတာ။ အဲ့ထဲမှာ အကုန်လုံးပါတယ်ဗျ။ ကိုယ်ဝန်ဆောင် ကလေးသူငယ်တော်တော်များတယ်။ ဘယ်ရွာက ဘယ်သူပါတယ်ဆိုတာ လောလောဆယ်ကောက်လို့မရသေးဘူး။ လောလောဆယ်ပြောနိုင်တာကတော့ ၁၃၀ ဝန်းကျင်လောက်ကျဆုံးတယ်။ ၅၀ လောက် ဒဏ်ရာရတယ်။ ၁၈၀ ဝန်းကျင်ရှိတယ်ပေါ့။"

ဧပြီ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ ပဇီကြီးကျေးရွာ၊ ပလဖရုံးနေရာတည့်တည့်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ အင်အားပြင်းဗုံးကြဲချခဲ့သလို ၊ Mi 35 စစ်ရဟတ်ယာဉ်နဲ့ ၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာ NUG ရုံးကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဧပြီ ၁၂ ရက် ထုတ် စစ်ကောင်စီဝါဒဖြန့်ချီရေး သတင်းစာတွေကနေ  အတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါက်ကွဲမှုအဆမတန်ကြီးမား သွားတာဟာ PDF တွေရဲ့ ယမ်းသိုလှောင်ရုံကို ပစ်ခတ်မိတာကြောင့်သာဖြစ်တယ်လို့ သူတို့ပိုင်မီဒီယာတွေမှာ ပြောဆိုခဲ့ပါတယ်။ 

ကန့်ဘလူ PDF ခေါင်းဆောင်တစ်ဦးက " သူပြောတဲ့ဟာက ယမ်းဂိုဒေါင် ပေါက်တယ်ဆိုတာက အဲ့ဒီမှာသိုလှောင်တာမရှိဘူးလို့ပြောတယ်ဗျ။ ယမ်းတွေသို လှောင်ထားတဲ့ရုံကြီးကို ပစ်လိုက်လို့ ပိုဆိုးသွားတယ်ပေါ့။ မဟုတ်ဘူးဗျ။ ကျနော် အခုထောက်လိုက်တော့မဟုတ်ဘူး။ သူတို့ဆိုက်ဝါးပဲ ဖြစ်လိမ့်မယ်။ သူတို့ပြောလိုက်တာက သူတို့ပစ်လိုက်တဲ့လက်နက်က သိုလှောင်ရုံကိုမှန်လို့ ပြည်သူတွေအများကြီးသေတယ်လို့ပဲ ပြောလိုက်တယ်။ တော်လှန်ရေးသမားတွေအနေနဲ့ အဲ့ဒီလောက်ပြင်းထန်တဲ့လက်နက် ကျနော်တို့ဆီမယ် မကိုင်နိုင်ပါဘူး။ ယမ်း တအိတ် နှစ်အိတ်တောင် ကျနော်တို့မယ် ခဲယဉ်းပါတယ်။ ယမ်း တအိတ် ၁၀ သိန်းကျော်တဲ့အတွက် ယိမ်း တအိတ်စုဖို့ဆိုရင် တော်လှန်ရေးသမားတွေမယ်မရှိပါဘူး။ ကျနော်ကိုယ်တိုင်လည်း ဒီနယ်မြေမယ် ရှိပါတယ်။ ရာချီသေနိုင်လောက်တဲ့အထိ လက်နက်က မရှိပါဘူး။ ကွဲနိုင်တဲ့ပစ္စည်း သိုလှောင်ပြီးတော့ မထားနိုင်ပါဘူး။ ဒါ ကျနော် ပြောနိုင်တာပေါ့နော်။"

၂၀၁၄ သန်းခေါင်စာရင်းအရ ပဇီကြီးကျေးရွာမှာ အိမ်ခြေ ၂၃၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  ပဇီကြီးရွာအပါအဝင် အနီးနားက  သာယာရွာ၊ လေးတွင်စဉ်ရွာ၊ မယ်‌ဇေတောရွာ၊ မလယ်ရွာ၊‌ ချောင်းမကြီးနဲ့ ခင်ဦးမြို့နယ်ဘက်ခြမ်းက ကျေးရွာက ဒေသခံတွေပါ ရွာထဲမှာ မနေရဲကြဘဲ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဇီကြီးကျေးရွာမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကုသဖို့ ဆရာဝန်နဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ရွာသားတစ်ယောက်ကပြောပါတယ်။

"ကလေး ၅နှစ် ၆နှစ် ၇နှစ် အဲ့လိုအရွယ်တွေ၊ ကလေးတွေဆိုရင် ခေါင်းတခြား ဖင်တခြား၊ ၃ နှစ်အရွယ်ကလေးလေးတွေရောပါတယ်။ လသားလေးတွေရောပေါ့ဗျာ။ အဲ့လိုလာကြတာပေါ့ ထမင်းကျွေးဆိုတော့ပေါ့။ လူဦးရေက အဲ့အထဲမှာ ၁၇၀၊ ၁၈၀ လောက်ရှိတယ်။  အဲ့ထဲမှာပစ်ချလိုက်တာ၊ တလုံးထဲပဲ၊ ဗုံး တလုံးထဲပဲချလိုက်တာ။ ကျွေးမွေးနေတဲ့ အိမ်တည့်တည့်ချလိုက်တာ၊ အဲ့အိမ်လည်း တစစီဖြစ်သွားတာပဲ။ လူတွေကလည်း အကုန်လုံး အတုံးလိုက် အထပ်လိုက်တွေ၊ မျက်နှာတွေကလည်း ခွဲမရတော့ဘူးလေ ဘယ်သူဘယ်ဝါဆိုတာ။ ဂျက်ဖိုက်တာနဲ့ ဗုံးနေမှာ တလုံးတည်းချလိုက်တာ။ တလုံးတည်းချပြီးတော့မှ ရဟတ်ယာဉ်နဲ့လာပစ်တာပေါ့။"

ပစ်ခတ်မှုအပြီးနောက်တစ်ရက် ဧပြီ ၁၂ ရက်နေ့ကလည်း ပဇီကြီးကျေးရွာမှာ စစ်ကောင်စီတိုက်လေယာဉ်တွေ ထပ်မံပျံဝဲခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ဘဲ အကူအညီပေးမယ့်သူတွေကိုယ်တိုင် ပုန်းရှောင်နေခဲ့ရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရက ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးနိုင်ဖို့ မြေပြင်က အဖွဲ့တွေဆီကို ညွှန်ကြားချက်တွေပေးခဲ့ပေမယ့် မြေပြင်ကဆိုးရွားတဲ့အခြေအနေတွေကြောင့် ထင်သလောက်အကူအညီမပေးနိုင်သေးဘူးလို့ ကန့်ဘလူပအဖ ဦးဆောင်သူက ပြောပါတယ်။

ကန့်ဘလူပအဖ တာဝန်ရှိသူ ကိုမြတ်သူက "ကျနော်တို့ ကယ်ဆယ်ရေးတွေလည်း ထပ်ပြီးတော့ စဉ်ဆက်မပြတ်လုပ်နေပါတယ်။ လေကြောင်းကိုလည်း စုံစမ်းရတဲ့အခါကြတော့ စိတ်ထင်တိုင်း မလုပ်နိုင်တာပေါ့။ အရှေ့ဘက်ကမ်း ကင်းရွာဘက်ကလည်း လှမ်းလှမ်းပစ်တော့ အဲ့ရွာရန်ကိုလည်း သတိထားပြီးတော့လုပ်ရတယ်။ နယ်မြေရှင်းလင်း ရေးလာနိုင်တယ်ဆိုတဲ့ ကောလာ ဟလတွေကြောင့် ကောင်းကောင်းမွန်မွန် မလုပ်နိုင်တာလည်းပါတာပေါ့။ သွားလုပ်လိုက် ပြီးရင်ပြန်ခွာပေးလိုက်ရလုပ်နေရတဲ့အနေအထားမို့ ပီပီပြင်ပြင်မလုပ်နိုင်သေးတာပါဗျ။"

စစ်ကောင်စီရဲ့ ပဇီကြီးကျေးရွာအပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာသတင်းဌာနတွေက ခေါင်းကြီးပိုင်းမှာ ဖော်ပြရတဲ့အထိ မြန်မာနိုင်ငံတွင်း စစ်ရေးအခြေအနေတွေဟာ အဆိုးဆုံးအခြေအနေကို ရောက်လာပြီး ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနဲ့ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံတွေအသီးသီးက ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။ 

၂၀၂၃ ဇန်နဝါရီလကနေ မတ်လအထိ ၃ လအတွင်း စစ်ကောင်စီက နိုင်ငံတဝဝန်း လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်အထိပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၄၇ ယောက်သေဆုံးခဲ့တယ်လို့  ဥာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။  

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013