DVB Logo
Home
မြန်မာသတင်း
သင်္ကြန်အကြိုနေ့ ရန်ကုန်တွင် ရေကစားသူ နည်းပါးခြောက်ကပ်နေ
DVB
·
April 13, 2023
သင်္ကြန်အကြိုနေ့ ရန်ကုန်တွင်  ရေကစားသူ နည်းပါးခြောက်ကပ်နေ
1 / 26
Donate to DVB

အခုနှစ်မှာကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို စည်ကားအောင်ကျင်းပဖို့ အာဏာသိမ်းစစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့စီစဉ်ထားပြီး မဏ္ဍပ်တွေကိုလည်း ပိုမိုတည်ဆောက်ပေးထားပေမဲ့ အဲ့ဒီမဏ္ဍပ်တွေမှာ ရေကစားသူတွေ နည်းပါးနေတယ်လို့ မြိုခံတွေထံက သိရပါတယ်။

ဒီကနေ့ သင်္ကြန်အကြိုနေ့မှာ အရင်နှစ်တွေကလို ရန်ကုန်မြို့လမ်းမတွေပေါ်မှာ စည်ကားတာမရှိပဲ ရေပက်ခံထွက်တဲ့ကားတွေနဲ့  ပုဂ္ဂလိက ရေကစားမဏ္ဍပ်တွေကလည်း နည်းပါးတာတွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့မှာတော့ စစ်ကောင်စီငှားရမ်းထားတဲ့ ငါးထောင်စားတွေက  အရင်နှစ်တွေတုန်းကလို့ပဲ မြို့တော်ခန်းမကို အကြိမ်ကြိမ်ပတ်ပြီး ရေပက်ခံနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက သင်္ကြန်ကိုစည်ကားအောင် စီးပွားရေးသမားတွေထံကနေ အဓမ္မငွေကြေး ကောက်ခံကာပြုလုပ်ခဲ့ပေမယ့် ပြည်သူတွေပူးပေါင်းပါဝင်တာမရှိတဲ့အတွက် ရန်ကုန်မြို့ဟာ အသံတိတ်သပိတ်ပြုလုပ်နေသလိုပဲလို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီကတော့  လူပိုစည်အောင် မြို့တော်ခန်းမကို ဝန်ထမ်းတွေမလာမနေရအမိန့်ထုတ်ပြီး ဝန်ထမ်းကြိုပို့ယာဉ်တွေနဲ့  လိုက်လံပို့ဆောင်ပေးတယ်လို့သိရပါတယ်။

မြို့တော်ဝန်မဏ္ဍပ်၊ ဘားလမ်းက လမ်းလျှောက်သင်္ကြန်၊ ပြည်သူ့ရင်ပြင်ထဲမှာ ပြုလုပ်တဲ့ တိုင်းအစိုးရနဲ့ဌာနဆိုင်ရာမဏ္ဍပ်တွေနဲ့ ပုဂ္ဂလိကမဏ္ဍပ်တချို့မှာ စစ်ကောင်စီနဲ့နီးစပ်ပတ်သက်သူများသာ ပါဝင်ဆော့ကစားနေခဲ့ကြတာတွေ့ရပါတယ်။

ပြည်သူ့ရင်ပြင်မှာတော့ ဒီကနေ့မနက် ၉ နာရီမှာ Royal Apex ရေကစားမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ကျင်းပခဲ့ပေမဲ့ စစ်ကောင်စီနဲ့ နီးစပ်ပတ်သက်သူတွေ အနည်းအကျဉ်းသာ လာရောက် ရေကစားနေခဲ့ကြတာ မြင်တွေ့ရပါတယ်။

ပြည်သူ့ရင်ပြင်ထဲမှာ ရေကစားမဏ္ဍပ် ၁၁ ခု ဆောက်လုပ်ထားပြီး  လုံခြုံရေးတွေကိုလည်း အများအပြား တင်းကျပ်ချထားကာ ဒီမဏ္ဍပ်တွေကို  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထိုင်ခဲ့တဲ့ လွှတ်တော်ရုံးအတွင်းမှာ စစ်ကောင်စီက တိုက်ရိုက်ကိုင်တွယ်နေတာဖြစ်ပါတယ်။ သင်္ကြန်မဏ္ဍပ်တွေရှိရာ အနီးဝန်းကျင်မှာလည်း လက်နက်ကိုင် လုံခြုံရေးတွေအထပ်ထပ်ချထားပါတယ်။

အရင်က စည်ကားခဲ့ဖူးတဲ့ ကမာရွတ် လှည်တန်းနေရာတွေမှာလည်း သင်္ကြန် ရေကစားသူတွေ မရှိဘဲ ရှင်းလင်းနေတာကို တွေ့ရပါတယ်။

သာကေတ ၊ ဒေါပုံစတဲ့ မြို့နယ်တွေမှာလည်း လမ်းထဲက ကလေးငယ်တချို့ ရေပက်ကစားကြတာကလွဲလို့ သင်္ကြန်ပွဲ စည်ကားခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အရှေ့မြင်းပြိုင်ကွင်းလမ်းက ရွှေထွဋ်တင်ကွင်းရှေ့က သင်္ကြန်မဏ္ဍပ်မှာဆိုရင် စစ်သား၊ ရဲလုံခြုံရေးတွေအပြင် ပုဂ္ဂလိကလုံခြုံရေးတွေပါချထားပါတယ်။

ရန်ကုန်မြို့လမ်းမတွေပေါ်မှာ သင်္ကြန်လည်တဲ့ အရပ်သားရေးပက်ခံကားတွေမတွေ့ရဘဲ စစ်ကောင်စီက စီစဥ်ပေးထားတယ်လို့ ယူဆရတဲ့ ဟိုက်ဂျက်ယာဥ်တချို့သာ သင်္ကြန်မဏ္ဍပ်တွေရှိရာ လှည့်လည်သွားလာနေပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးသတင်းအရင်းမြစ်တစ်ဦးက သင်္ကြန်စည်ကားတယ်ဆိုတဲ့ပုံဖော်နိုင်ဖို့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေကို အတင်းတက်ရောက်လည်ပတ်စေတာမျိုး ညွန်ကြားချက်တွေရှိတယ်လို့ဆိုပါတယ်

ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကျင်းပတဲ့သင်္ကြန်မဏ္ဍပ်တွေမှာ ပြည်သူတွေသွားရောက်ဆော့ကစားတာမပြုလုပ်ဖို့ သတိပေး တားမြစ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013