Home
မြန်မာသတင်း
ဘီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ပြည်သူပိုင် နေအိမ် ၃ လုံးမီးရှို့ခံရ
DVB
·
April 13, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးလေးအလယ်ရွာမှာ  ဧပြီ ၁၂ ရက် မနက်၈ နာရီခွဲဝန်းကျင်က  ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား  နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရ ရှိထားသလို ဒေသကာကွယ်ရေးတပ်ဘက်က အထိခိုက်ကျဆုံးတာတွေမသိရသေးဘူးလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ပူးပေါင်းအဖွဲ့ဝင်တယောက်က ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကအထိနာခဲ့တာကြောင့် အလူးလေးအလယ်ရွာရှိ ဦးသေးသေးနေအိမ်၊ ဦးစိုးနေအိမ်နဲ့ ဦးသာလိနေအိမ် ၃ လုံးကို စစ်တပ်မှ မီးရှို့လိုက်သလို လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်ခဲ့လို့ ရွာသားတယောက် ကျည်ထိမှန် ဒဏ်ရာရသွားတယ်လို့ ဒေသခံက ဆိုပါတယ်။

“ရွာကအိမ်ခြေများတယ်။ အများစု ကရင်တိုင်းရင်းသားတွေနေထိုင်ကြသလို အခုတိုက်ပွဲတွေကြောင့် လူပေါင်းရာနဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်။ တိုက်ပွဲတွေထပ်မံဖြစ်လာမှာကိုစိုးရိမ်ရတာကြောင့် နေအိမ်ကို မပြန်နိုင်ကြသေးပါဘူး။”

လက်ရှိတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ရော ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကပါ သတင်းမထုတ်ပြန် သေးပါဘူး။

ပြီးခဲ့တဲ့ရက်ကလည်း   ဘီးလင်းမြို့နယ် စစ်ကောင်စီအခြေစိုက်တပ် ခမရ ၃ အရှေ့ဂိတ်နဲ့ အနောက်ဂိတ်ကို ဧပြီ ၁၀ ရက် ညနေ ၃ နာရီ မိနစ် ၂၀ လောက်က ကျိုက်ထို ပကဖ ၊ ဘီးလင်း ပကဖနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထို ပကဖက တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးကျည်တွေဟာလည်း ပိုင်ထားဝယ်ကျေးရွာက  နေအိမ်တအိမ်ပေါ် ထိမှန်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024