DVB Logo
Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃၂၄၀ ကိုသတ်ဖြတ်၊ ၂၁၃၅၀ ခန့်ကို ဖမ်းဆီး
DVB
·
April 12, 2023
၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၃၂၄၀ ကိုသတ်ဖြတ်၊ ၂၁၃၅၀ ခန့်ကို ဖမ်းဆီး
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ် ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၂၄၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၃၄၈ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၄၆၀ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲဖြစ်ပြီး အဲဒီထဲက ၅,၅၈၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၉ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချ မှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၁ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၆၆ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်ညပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်မှာ နေထိုင်တဲ့ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တယောက်ဖြစ်တဲ့ မေတ္တာရှင်လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်ကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေး ရွာနဲ့ ကိုးထောင်ဘို့ကျေးရွာကြားက အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီး ပူးပေါင်းဂိတ်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နန်းခွင်ကျေးရွာသား ဖြစ်သူ ကိုဝင်းမင်းထွေး (ခ) အားတီတီကို စစ်ဆေးရာ သူ့ရဲ့ ဖုန်းထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝတ်စုံ ဝတ် ဆင်ထားတဲ့ ဓာတ်ပုံကို တွေ့ရှိခဲ့တာကြောင့် သူ့ကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဧပြီ ၅ ရက်မနက်ပိုင်းမှာတော့  ကိုဝင်းမင်းထွေး (ခ) အားတီတီ သေဆုံးခဲ့ ကြောင်း အကြမ်းဖက်စစ်အုပ်စု အမှတ် ၅၂၁ ခြေမြန်တပ်ရင်းက မိသားစုဆီ အကြောင်းကြားခဲ့ပေမယ့် ရုပ်အလောင်းကိုတော့ ပြန်မပေးခဲ့ဘူးလို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013