DVB Logo
Home
မြန်မာသတင်း
ထိုင်းတင်းနစ်ဆရာ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ၁ ဦးကို ဖမ်းဝရမ်းထုတ် ရှာဖွေနေ 
DVB
·
July 31, 2026
Photo:TNEWS 
Photo:TNEWS 
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းလက်ရွေးစင် တင်းနစ် သမားဟောင်းလည်းဖြစ် နည်းပြဆရာလည်းဖြစ်တဲ့ အသက် ၆၄ နှစ်ရွယ် နိုင်းနာ့ထဝီ ဆုခန်းထားရွန်း အကြမ်းဖက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့အမှုမှာ သံယယနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မြန်မာအမျိုးသားတယောက်ကို မဲဆောက်မှာ တွေ့ရှိခဲ့ပါတယ်။

ဒီအမှုမှာ ထိုင်းတင်းနစ်ဆရာရဲ့တပည့် မြန်မာနိုင်ငံသား အသက် ၂၉ နှစ်ရွယ် ဇော်သက်လွင်ဟာ သေဆုံးသူနဲ့ နောက်ဆုံးအတူရှိခဲ့သူဖြစ်ပြီး တင်းနစ်ဆရာ သေဆုံးပြီးမကြာခင် ဆရာရဲ့ ဘဏ်အကောင့်ထဲက ဘတ်ငွေ  ၃၇,၅၀၀ ကို သူ့အကောင့်ထဲ လွှဲထားခဲ့သလို နောက်အကောင့်တခု ကို ဘတ် ၁၀,၀၀၀ ပြန်လွှဲတာလည်း တွေ့ရှိတာကြောင့် သူ့ကို ရဲတွေက သံသယ အရှိဆုံးသူအဖြစ် ပစ်မှတ်ထားပြီး တရားရုံးအမိန့်နဲ့ ဖမ်းဝရမ်းထုတ်ကာ အပူတပြင်း လိုက်လံစုံစမ်းရှာဖွေနေတာ ဖြစ်ပါတယ်။ 

ရဲတွေက စီစီတီဗွီကနေ ဇော်သက်လွင်ကို ခြေရာခံတာမှာ ၂၆ ရက် မနက်စောစောက သူဟာ အခင်းဖြစ်တဲ့နေရာကနေပြီး ၁၀ ကီလိုမီတာကွာဝေးတဲ့ ပတ္တယားမြို့နယ်မှာ သွားရောက် တည်းခိုခဲ့တယ်။ အဲဒီအခန်းကနေ အရေးကြီးတဲ့ သက်သေအထောက်အထားတချို့ရထားပေမဲ့ လူကိုဖမ်းမမိခဲ့ဘဲ ဇူလိုင် ၂၆ ရက် မနက် ၅ နာရီ ၅ မိနစ်က အဲဒီအခန်းဘေးမှာ အဝတ်အစားလဲပြီး အထုတ်အပိုးပြင်ကာ ပြန်ထွက်သွားပြီး ခြေရာပျောက်သွားခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက် နောက်ဆက်တွဲသတင်းတွေအရ ဇော်သက်လွင်ဟာ  တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ရောက်ရှိနေကြောင်း သိရှိရတာကြောင့် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က သူ့ကိုဖမ်းဆီး ခေါ် ဆောင်နိုင်ဖို့  နယ်မြေခံရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေကာ တရားခံထွက်ပြေး လွတ်မြောက်မှာ စိုးတဲ့အတွက် အချက်အလက်အသေးစိတ်ပြောပြလို့ မရသေးကြောင်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

ဇော်သက်လွင်ဟာ ထိုင်းနိုင်ငံမှာ ရောက်နေတာ ၂ နှစ်ကျော်ပြီဖြစ်ပြီး အစပိုင်းက လယောင်းမှာ နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် သေဆုံးသူတင်းနစ်ဆရာနဲ့ ဘန်လမွန်းမြို့မှာ အတူလာနေခဲ့ပြီး  တပည့်တပန်း အစေအပါးအဖြစ်ရော၊ လိင်တူချစ်သူအနေနဲ့ပါ နေထိုင်ခဲ့ကာ အလုပ်ထုတ်ခံထား ရပါတယ်။

ဇူလိုင် ၂၆ မနက် ၄ နာရီ ၃၅ မိနစ်မှာ သူနဲ့ဆင်တူတဲ့ အမျိုးသားတယောက် အဲဒီအိမ်ထဲက ထွက်လာ တယ်၊ ၄ နာရီ ၃၇ မိနစ်မှာ သံသယရှိသူက မီးခိုးရောင်ဆိုင်ကယ်စီးပြီး လမ်းမဘက်ထွက်ခွါသွားခဲ့ပြီး  သူဟာ ဇော်သက်လွင်ဟုတ်မဟုတ်တော့ အတည်မပြုသေးပါဘူး။ 

သေဆုံးသူရဲ့ အစ်ကိုဖြစ်သူကတော့ တင်းနစ်ဆရာဟာ ဒီမတိုင်ခင် ၂ ရက်လောက်က သူ့တပည့်ဟောင်းဖြစ်သူ အသက် ၂၂ နှစ်ရွယ် လာအိုလုပ်သားတယောက်နဲ့လည်း အဆင်မပြေမှုတွေ ရှိခဲ့သေးတယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါ လာအိုအလုပ်သမားကိုလည်း ခေါ်ယူစစ်ဆေးခဲ့ပေမဲ့ ဖမ်းဝရမ်းထုတ်ခြင်း မရှိသေးပါဘူး။

အစ်ကိုဖြစ်သူက ညီဖြစ်သူ တင်းနစ်ဆရာနဲ့ အဆက်အသွယ်မရတာ ၂ ရက်လောက်ရှိပြီ ဖြစ်လို့ ဇူလိုင် ၂၆ ရက် ညနေပိုင်းက   တင်းနစ်ကွင်းထဲက အလုပ်သမားတယောက်ကို သူ့အိမ်ကို သွားကြည့် ခိုင်းပါတယ်။ 

အိမ်ခန်းမှာ အတွင်းကနေ ‌ သော့ခတ်ထားတာကြောင့် တာဝန်ရှိသူတွေနဲ့ သော့ဖျက်ပြီး ဝင်ကြည့်တာ မှာ အိပ်ခန်းထဲက ခုတင်ပေါ်မှာ စောင်ခြုံလျက်သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

စောင်ကို လှပ်ကြည့်ရာမှာ သွေးအိုင်ထဲမှာ လည်ပင်းညှစ်ခံထားရတဲ့ ဒဏ်ရာ၊ ခန္ဓာကိုယ်မှာ ဓားနဲ့ မွှမ်းထားတဲ့ ဒဏ်ရာတွေရှိနေပြီး အခန်းထဲမှာလည်း မသေခင်ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ အရာတွေ ရှိနေတာ၊ သေဆုံးသူရဲ့ မနီးမဝေးမှာလည်း ၁ ပေရှည်တဲ့ မီးဖိုချောင်သုံး ဓားတချောင်းကို တွေ့ရတယ် လို့  ထိုင်းရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။  

Source: Khaosod / ThaiPBS / TNEWS 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013