DVB Logo
Home
မြန်မာသတင်း
ပဇီကြီးကျေးရွာကို တိုက်လေယာဉ်များ ထပ်ရောက်လာသဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ခက်ခဲနေ
DVB
·
April 12, 2023
ပဇီကြီးကျေးရွာကို တိုက်လေယာဉ်များ ထပ်ရောက်လာသဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ခက်ခဲနေ
Donate to DVB

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူပေါင်း ရာချီသေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဒီကနေ့ ဧပြီ ၁၂ ရက်မှာလည်း  လေတပ်က တိုက်လေယာဉ်နဲ့  ၂ ကြိမ်ပတ်ပြီး ပျံဝဲသွား ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီလေယာဉ်တွေရောက်လာတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ထိထိရောက်ရောက် လုပ်ဆောင်လို့မရဘဲ အနှောင့်အယှက် အဟန့်အတား အခက်အခဲ ဖြစ်ရတယ်လို့  ဒေသခံပရဟိတအဖွဲ့တွေက  ပြောပါတယ်။ 

ပဇီကြီးရွာဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးက “ဒီနေ့ ဧပြီ ၁၂ ရက်နေ့လည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ မနက်ပိုင်းက တစ်ကြိမ်၊ အခုလေးတင် တစ်ကြိမ် ၂ ကြိမ်ရှိပြီ ရွာပေါ်ကနေပတ်ဝဲနေတော့ ကူညီကယ်ဆယ်ရေးကို ရဲရဲမလုပ်ရဲဘူးဖြစ်နေတယ် ဘာကြောင့် လုပ်တာလဲဆိုတာတော့ စစ်ရေးဗျူဟာ ကျွမ်းကျင်သူတွေကတော့ သိလိမ့်မယ်။ ကျနော်တို့ကတော့ ပရဟိတသမားဆိုတော့ ဒုက္ခရောက်နေသူတွေကို  ကယ်တင်ချင်တဲ့ စိတ်ဓာတ်ပဲရှိတယ်။ ကျနော့်အမြင်ကိုပြောရရင် စစ်ကောင်စီကလည်း ပစ်ခတ်တာတွေ လုပ်ပြီးပြီးဆိုတော့ အပစ်မဲ့ ထိခိုက်ဒဏ်ရာရတဲ့ဒေသခံတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လုပ်‌ဆောင်နေတာကို လွတ်လွတ်လပ်လပ်ခွင့်ပြုပေးစေချင်တယ်ပေါ့။ စစ်ကောင်စီအနေနဲ့ အနိုင်အရှုံးဆိုတာထက် မြေပြင်ပကတိ အမှန်တရားကို လက်ခံစေချင်တယ်။ နောက်ထပ် ခြိမ်းခြောက်ပစ်ခတ်တာတွေ ထပ်မလုပ်စေချင်ဘူး။ နောက်ပြီး မလည်တိုက်နယ်က စစ်ကောင်စီတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်းလုပ်တယ်။ အဲလိုဆိုတော့ ကျနော်တို့ ကူညီကယ်ဆယ်ရေးသမားစစ်စစ်တွေ ကူညီကယ်ဆယ်ရေးလုပ်ရာမှာ ထိထိရောက်ရောက် လုပ်ဆောင်လို့မရဘူးဖြစ်နေတယ်”လို့   ပြောပါတယ်။

ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က မနေ့က မနက်ပိုင်း ၈ နာရီလောက်မှာ  လေကြောင်းကနေ တိုက်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေနဲ့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံ ရွာသား ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒေသခံပရဟိတသမားတဦးက “မနေ့က မနက်ပိုင်းကို ပစ်ခတ်ပြီးရွာသားတွေ အများအပြားသေတယ်။ အဲတာကို ကျနော်တို့ပရဟိတသမားတွေ ကူညီကယ်ဆယ်ရေးတွေ နေ့လယ်ပိုင်းစလုပ်တယ်။ နေကလည်းပူ၊ သေဆုံးသူလူဦးရေကလည်းများ၊ ထိခိုက်ဒဏ်ရာရသူက လည်းများတော့ကယ်ဆယ်ရေးလုပ်ရာမှာ အကုန်လုံး တချိန်တည်း၊ တပြိုင်တည်း အကုန်မလုပ်နိုင်ဘူး။ နောက်ပြီးညနေပိုင်းကြတော့ ထပ်ပြီးလေယာဉ်နဲ့ လာပစ်သေးတယ်။ အဲလိုပစ်လို့  လုပ်လက်စကယ်ဆယ်ရေးရပ်ပြီး အကုန်ထွက်ပြေးရတယ်”လို့ ပြောပါတယ်။ 

ပဇီကြီးရွာက သေဆုံးဒဏ်ရာရှိသူတွေရဲ့ မိသားစုဝင်တွေလည်း စိတ်ဝေဒနာ ခံစားနေရသူတွေလည်း  အများအပြားရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  ပဇီကြီးရွာအပါအဝင် အနီးအနားက  သာယာရွာ၊ လေးတွင်စဉ်ရွာ၊ မယ်‌ဇေတောရွာ၊ မလယ်ရွာ၊‌ ချောင်းမကြီးနဲ့ ခင်ဦးမြို့နယ် ဘက်ခြမ်းက ကျေးရွာက ဒေသခံတွေပါ ရွာထဲမှာ မနေရဲကြဘဲ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013