DVB Logo
Home
Lead Story
“မီးကင်းကအရေးပေါ်သံချောင်းခေါက်သံ" - (သူ့အတွေးသူ့အမြင်)
DVB
·
April 12, 2023
“မီးကင်းကအရေးပေါ်သံချောင်းခေါက်သံ" - (သူ့အတွေးသူ့အမြင်)
Donate to DVB

ကန့်ဘလူနယ်က ပဇီကြီးရွာအစုလိုက်အပြုံလိုက်လူသတ်မှု၊ ကမ္ဘာကြီးကဝမ်းနည်းကြောင်းစာထုတ် ရုံရှုတ်ချကြောင်း ကြေညာရုံမျှ မလုံလောက်တော့ပါဘူး။ တော်လှန်ပြည်သူတွေကလည်း  ခံပြင်းနေရုံတတ်နိုင်တာမဟုတ်။ လက်တွေ့ကျတဲ့အလုပ်တွေလုပ်ကြမှာပါ။

အရပ်သားပြည်သူတွေ ငြိမ်းချမ်းစွာစုဝေးနေရာကို တိုက်လေယာဉ်နဲ့ ရည်ရွယ်ချက်ရှိရှိ တည့်တည့်ဗုံး ကြဲခဲ့တယ်ဆိုတာ အခုမဟုတ်ပါဘူး။ တိုင်းရင်းသားဒေသတွေ အပါအဝင် ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့တာ အားလုံးအသိပါ။ လူသားမျိုးနွယ်ကို ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် ကမ္ဘာကြီးက

၁။ ဒါဟာလူမျိုးတစ်မျိုးကိစ္စ၊ ဒေသတစ်ခုကိစ္စလို့ ဘောမထားသင့်ပါဘူး။

၂။ ဒါဟာလူသားမျိုးနွယ်တစ်စုလုံးအပေါ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်ဝါဒက ခြိမ်းခြောက်လိုက်တာဖြစ်ကြောင်း၊ ဒါစစ်ရာဇဝတ်မှုပါ။ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ပြစ်မှုပါ ဆိုတာပြောရမှာပါ။ ကြေကွဲအမျက်ထွက်နေရုံနဲ့ မပြီးဘူးဆိုတာလည်း သိကြပါတယ်။

ပြည်သူတွေဘာလုပ်ရမှာလဲ

ဒါဟာတစ်နည်းအားဖြင့် ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကို  မီးတင်ရှို့နေပြီဖြစ်တယ်။ ဒါကြောင့် မီးကင်းက အရေးပေါ်သံချောင်းခေါက်ရမှာပါ။ ဒါကိုအားလုံးမနိုးကြား၊ မတားဆီးဘူးဆိုရင် ဒီလို လူမဆန်ရက်စက်ရိုင်းစိုင်းတဲ့ လူသတ်ပွဲတွေဟာ အားလုံးကိုကူးစက်တော့မယ်။ မီးလိုကူးစက်တော့မယ်ဆိုတာကို သံချောင်းကျယ်ကျယ်ခေါက်ရမှာပါ။

ဘယ်လိုသံချောင်းခေါက်မလဲ

နိုင်ငံတကာအင်စတီကျူးရှင်းတွေနဲ့ ဆက်သွယ်တောင်းဆိုကြရပါမယ်။ အဲဒီမှာ သက်သေအထောက်အထားတွေ အခိုင်အလုံတင်ပြရမယ်။ ဓာတ်ပုံ ဗီဒီယိုများဟာ မီဒီယာ ပေါ်တင်တဲ့အခါ မီဒီယာကျင့်ဝတ်အရ ဖုံးကွယ်ရတာတွေရှိပေမဲ့ စစ်ရာဇဝတ်မှုအတွက်ကတော့ တရားရုံးကိုတင်ပြတဲ့အခါမှာ မှုခင်းဓာတ်ပုံရဲ့ ရှင်းလင်းပြတ်သားမှု လိုပါတယ်။

ပြတ်သားတဲ့ မှတ်တမ်းမှတ်ရာအထောက်အထားတွေကို ဝိုင်းပြီးဖြန့်ဝေပေးကြမှာပါ။ ဒီနှစ်အတာကို စစ်ကောင်စီဖြစ်စေချင်နေတဲ့ သွေးအိုင်သင်္ကြန်မကျစေဖို့လည်း ဂရုပြုရပါမယ်။ နိုင်ငံတကာကလည်း ဒါကိုဝမ်းနည်းကြောင်း လက်မခံကြောင်းပြရမှာဖြစ်သလို ဒီထက်မကတားဆီးကာကွယ်ကြရမယ်၊ တိုက်ဖျက်ကြရမယ်ဆိုတာကိုပါ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပေးကြရပါမယ်။

ဒီဖြစ်ရပ်ဆိုးကို ပြည်သူတွေကဓာတ်ပုံ ဗီဒီယိုမှတ်တမ်း၊ ပန်းချီ၊ ကာတွန်း၊ ကဗျာ ဂီတတွေနဲ့လည်း သရုပ်ဖော်ပြီး ဖော်ထုတ်ဆန့်ကျင်ရမှာဖြစ်သလို နိုင်ငံတကာရဲ့ Trend ဖြစ်တဲ့ twitter ကနေလည်းအ အားကောင်းမောင်းသန် tweet ကြရမှာဖြစ်ပါတယ်။

ပြည်တွင်းအသုံးများတဲ့ ဖေ့စ်ဘွတ်ခ်တစ်ခုတည်းမကပါဘူး။ နိုင်ငံတကာလမ်းကြောင်းဖြစ်တဲ့ တယ်လီဂရမ်၊ တွစ်တာတို့ကိုလည်းသုံးပြီး ဒီစစ်ရာဇဝတ်မှုကြီးကို ဖော်ထုတ်ကြရမှာပါ။ တားဆီးရမှာပါ။ တိုက်ဖျက်ရမှာပါ။ ဆိုလိုတာကတော့ ဒါကို ဂလိုဘယ်ကမ်ပိန်း (Global Campaign) အဖြစ်  အားလုံးက အားစိုက်ပြီးလုပ်ကြမှာပါ။ 

ဒီအမှုကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေတွေအရ လမ်းကြောင်းသီးသီးက အရေးယူရမှာဖြစ်သလို လက်တွေ့ကျကျ ဖက်ဆစ်တပ်ရဲ့ ဘဏ္ဍာရေးကိုတ်တောက်ရပါမယ်။ စစ်အသုံးစရိတ်ပြတ်သည်အထိ အဲဒီလို တိုက်လေယာဉ်တွေ ပြည်သူကို၊ အပြစ်မဲ့အရပ်သားတွေကို ဗုံးကြဲဖို့ ဝင်ငွေတွေရနေတဲ့ MOGE ကို အားလုံးက  တပြိုင်နက်ထိထိရောက်ရောက် ဖြတ်တောက်ဖို့ကြိုးစားကြရမှာပါ။

ဘာလုပ်ရမလဲလို့မေးနေတဲ့ကမ္ဘာကြီးကို "ဒါအတိအကျလုပ်ပေးပါ၊ တစ်ပြိုင်နက်ထဲမှာ အခြားသော အရေးယူမှုတွေလုပ်ပေးပါ"လို့ တသံတည်းညီ တချီတည်း ရုန်းကြရမှာပါ။

လေကြောင်းရန်ကာကွယ်ဖို့စနစ်တွေ၊ အထောက်အကူပြုကိရိယာတွေ ပေးကြရမှာဖြစ်သလို အဲဒီတိုက်လေယာဉ်တွေ မပျံတက်နိုင်အောင် MOGE ကို ပိတ်ဆို့ပေးဖို့လည်း တလက်စတည်း တောင်းဆို နေရမှာပါ။

အပြစ်မဲ့ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ပြည်သူတွေကိုယ်စားသူ သူတို့နဲ့အတူရပ်တည်ကြောင်း ဒီလိုရက်စက်ရိုင်းစိုင်းမှုမျိုးကို လက်မခံကြောင်း ကာကွယ်တားဆီး တိုက်ဖျက်သွားမှာဖြစ်တဲ့အကြောင်း သင်္ကေတမျိုးစုံနဲ့ ပြကြရမှာပါ။ လက်တွေ့ကျတဲ့အလုပ်တွေကိုလည်း အတူအားထုတ်ကြမှာ ဖြစ်ပါတယ်။

သတိပြုစရာ

ဒီကိစ္စမှာ လူမဆန်ရက်စက် အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်သူတွေကို အရေးယူဖို့မပြောဘဲ အပြစ်မရှိသူတွေကို အပြစ်ရှာ အပြစ်တင် အပြစ်ဖို့နေတဲ့ အောက်လုံးထိုးတွေကိုလည်း ဂရုပြုကြပါ။

ဒီကျေးရွာရဲ့ဝန်းကျင်မှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တွေ ရှိနေသည်ဖြစ်စ အရပ်သားပြည်သူများအပေါ် အရပ်ဘက်ပစ်မှတ်များကို ဗုံးကြဲခဲ့တာကို ရှောင်လွှဲဖို့မကြိုးစားပါနဲ့။ အစုအပြုံလိုက်လူသတ်ပွဲဆိုတာ အငြင်းပွားမခံပါနဲ့ အာရုံလွှဲမခံပါနဲ့။ တရားခံအရင်းကို ထွက်ပေါက်ပေးပြီး အပြစ်မရှိသူကိုပုံချတဲ့ရေးသားစွပ်စွဲမှုတွေ စနစ်တကျအုပ်စုဖွဲ့ပြီး မျိုးစုံတက်လာပါ လိမ့်မယ်၊ ဒါကစစ်ကောင်စီလိုချင်တဲ့ ကလိန်ကျနည်းပါ။ မျက်ခြည်မပြတ်ရမှာက စစ်ကောင်စီဟာ အစုပြုံလိုက်သတ်ဖြတ်ခြင်းဖြင့် လူသားမျိုးနွယ်တစ်စုလုံးကို မီးရှို့နေပြီဆိုတာကိုသာ  အရေးပေါ် သံချောင်းခေါက်ကြပါ။

ပြည်သူကို မိနစ်ပိုင်းအတွင်း လေကြောင်းကနေ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေပေါ်က ဖျက်အားပြင်း လက်နက်တွေသုံးပြီး ရာဂဏန်းချီ သတ်ဖြတ်တယ်။ ပြီးတော့ မကျေနပ်သေးဘူး ရုပ်အလောင်းတွေကို ဖျောက်ဖျက်ဖို့ နောက်တကြိမ် လေကြောင်းက အလားတူ ထပ်တိုက်ခိုက်တယ်။

"လူမဆန်မှုတွေအရေးယူဖို့လုံလောက်သေးဘူးလား ကမ္ဘာကြီးရဲ့"

လူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားလောက်တဲ့ လူသတ်လက်နက်တွေနဲ့ စစ်မိစ္ဆာတွေက ရက်ရက်စက်စက် သတ်ဖြတ်နေချိန်မှာ ကမ္ဘာကြီးက "လူကိုမသေစေနိုင်သောလက်နက် "(Non - Lethal Weapons) ဆိုတာ ဘယ်လိုဟာမျိုးတွေပါလဲလို့ ဆန်းစစ်အဖြေရှာနေရမယ့် အချိန်မဟုတ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်သင့်ပါပြီ။

ပြည်သူများခင်ဗျား NUG အစိုးရအပါအဝင် တာဝန်ရှိအဖွဲ့အစည်းအသီးသီးက လုပ်ထိုက်တာ မှန်သမျှ အချိန်နဲ့အမျှ အားစိုက်လုပ်နေပါတယ်။ တော်လှန်ပြည်သူများကလည်း ကိုယ်နိုင်သမျှ တညီတည်း ရုန်းကြဖို့ပါ။

အလိုအပ်ဆုံး အရှင်းဆုံးပြောရရင်တော့ ဒါကို ဂလိုဘယ်ကမ်ပိန်း (Global Campaign)အဖြစ် အားလုံးတပြိုင်နက် အားစိုက်ကြမှာဖြစ်ပါတယ်။ အရင်ဆုံးပစ်မှတ်ကတော့ MOGE ဝင်ငွေလမ်း စစ်ကောင်စီရဲ့ ပင်မသွေးကြောကို ဖြတ်ချလိုက်ဖို့ပါပဲ။

"စစ်ကောင်စီကတော့ ပြည်သူအပေါ် အစွမ်းကုန် ရက်စက်သတ်ဖြတ်ဖို့ စစ်ရေးအသုံးစရိတ် ဘီလီယံပေါင်းများစွာ တိုးမြှင့်သုံးစွဲသွားဖို့ လျာထားဆုံးဖြတ်ထားတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီအသုံးစရိတ်တွေရဲ့ အဓိက ပင်မရေသောက်မြစ်ဟာ MOGE ကရတဲ့ ငွေတွေ ဖြစ်တယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး။" 

တခြားသော ဘဏ္ဍာရေးတွေလည်းပါပေမယ့် တပြိုင်နက်တည်း စုပေါင်းတောင်းဆို MOGE ကို ရှေ့ဆုံးက ဖြတ်ချရမှာလို့ပြောပါ ရစေ။

ပြည်သူအသက်များစွာ ရင်းခဲ့ရသမျှ နွေဦးအောင်ပွဲ ထိုက်တန်စွာရရမယ်။

မင်းကိုနိုင်

( ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသား ဖော်ပြထားသည့် အတွေးအမြင်များကို ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။ )

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013