DVB Logo
Home
မြန်မာသတင်း
ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ၊ ကျူးလွန်သူများ တာဝန်ခံရန် တောင်းဆို
DVB
·
April 12, 2023
ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ၊ ကျူးလွန်သူများ တာဝန်ခံရန် တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး ဒီလုပ်ရပ်ကို ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံဖို့နဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့  တောင်းဆိုလိုက်ပါတယ်။

မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာမှာ ဧပြီလ ၁၁ ရက်မနက်က ရွာသူရွာသားတွေ စုရုံးနေတဲ့အချိန်  စစ်ကောင်စီတပ်က  တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူ ၁၀၀ ကျော်သေဆုံးရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဧပြီလ ၁၁ ရက်မှာ ထုတ်ပြန်ရာမှာ တောင်းဆိုထားတာပါ။ 

ဒီဖြစ်ရပ်မှာ သေဆုံးသွားသူတွေရဲ့ မိသားစုတွေအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ အလွန်အမင်း ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဒဏ်ရာရသူတွေကို အရေးပေါ် ဆေးကုသဖွင့်ပေးဖို့နဲ့ အကူအညီတွေပေးခွင့်ပြုဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချကြောင်းနဲ့  အရပ်သားပြည်သူတွေကို နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေနဲ့အညီ အဓိကဦးစားပေးပြီး ကာကွယ်ပေးဖို့ ထပ်လောင်း အတည်ပြုတိုက်တွန်းပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုလိုက်နာပြီး နိုင်ငံတဝန်းမှာ ပြည်သူတွေပေါ် အကြမ်းဖက်လုပ်ဆောင်နေတာတွေကို ရပ်တန်းကရပ်ဖို့လည်း ကုလသမဂ္ဂ အကြီးအကဲက ထပ်မံတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တရားလက်လွတ် ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုထားတာပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို  ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ထားတာဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီကတော့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး နိုင်ငံတဝန်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု၊ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ကျေးရွာတွေကို မီးရှို့မှု ၊ အရပ်သားတွေကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ မတရား ထောင်ဒဏ်တွေ ချမှတ်တာတွေ ဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။

PHOTO-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013