DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်
DVB
·
April 11, 2023
ကန့်ဘလူ ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးရွာကို ဧပြီ ၁၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဒုတိယအကြိမ် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်‌ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ 

ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဒီနေ့ ညနေ ၅ နာရီ ၃၅ မှ ၄၀ မိနစ်ထိ ၃ ကြိမ်ဝဲပြီး  ဗုံး ၄ လုံးချကာ  လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့၊ ကန့်ဘလူခရိုင် သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက " ဒီနေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်မှာ ဂျက်ဖိုက်တာ ၁ စီးနဲ့ရွာကို ထပ်ပြီး  လာပစ်နေတယ်ဗျ” လို့ပြောပါတယ်။

အခုတကြိမ် တိုက်ခိုက်မှုမှာ ရွာသားတွေ ထိခိုက် သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

အဆိုပါဒုတိယအကြိမ်တိုက်ခိုက်တာဟာ မန္တလေး၊ တံတားဦးလေယာဉ်ကွင်းကနေ တက်လာပြီး ပဇီကြီးရွာကို ပစ်ခတ်ခဲ့တာလို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ကန့်ဘလူမြို့နယ် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ကိုမိုးကြိုးမုန်တိုင်းက “သူတို့ လေယာဉ်ပေါ်ကနေ မိုင်းချလို့ သေဆုံးနေတဲ့အလောင်းတွေကို ကျနော်တို့ ရှင်းလင်းပြီး သင်္ဂြိုဟ်ပေးနေတာကို Mi35 နဲ့ ရွာကိုသုံးပတ်ဝဲပြီး ‌ပစ်တယ်။ မိုင်းတွေလည်း ၁၀ လုံးလောက်အထိ ချတယ်။ ရွာသားတွေကတော့ မနက်ခင်းကတည်းက ရွာအပြင်ရောက်နေတာဆိုတော့ အထိအခိုက်မရှိနိုင်လောက်ဘူးဗျ။ တကယ်လို့ ထိခိုက်ရင်တောင် ကူညီကယ်ဆယ်ရေးသမားတွေ ထိဖို့များတယ်။ အခုထိတော့ အထိခိုက်ကို သိရနိုင်ဖို့ လူစစ်နေတုန်းပဲ။ ဘာလို့ အခုလို ဒုတိယအ ကြိမ်လာပစ်တာဘာကြောင့်လဲဆိုတော့ အစ်ကိုရယ် သူတို့ကျူးလွန်ထားတဲ့ အရာတွေကို သက်သေသက်ကာရ မခိုင်လုံအောင်  အလောင်းဖြောက်ရှင်းလင်းချင်တဲ့သဘောပဲဗျ။ လက်ရှိမြေပြင်က မလည်တိုက်နယ်စစ်ကြောင်းကလည်း စစ်ကြောင်းထိုးဖို့ လှုပ်ရှားနေပြီလို့ ကျနော်တို့ သိထားရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက ညနေပိုင်း ပစ်ခတ်တာဟာ မနက်ခင်းက ပစ်ခတ်ခဲ့‌တဲ့တာနေရာတွေနဲ့ သေဆုံးသူတွေ မီးသင်္ဂြိုဟ်တဲ့နေရာတွေကို ပစ်ခတ်ခဲ့တာလို့လည်း ဒေသခံတွေကပြောပါတယ်။

ဒီနေ့ မနက်ကလည်း  ပဇီကြီးရွာမှာကျင်းပတဲ့ ပလဖရုံးဖွင့်ပွဲကို  စစ်ကောင်စီတပ်က  တိုက်လေယာဉ် ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူ  ၁၀၀ ကျော်ရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ အရပ်သားနဲ့ လက်နက်ကိုင် သတ်မှတ်ခွဲခြင်းမရှိဘဲ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေတာကို ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာက ထပ်မံသက်သေပြနေတာ ဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်း ဖြစ်တယ်လို့ NUG က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက်၊ ဒီကနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အခုလို ထုတ်ပြန် ပြောဆိုလိုက်တာပါ။

အသက်ဆုံးရှုံးသွားရသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အထူးပင် ဝမ်းနည်းကြေကွဲရပြီး သက်ဆိုင်သူတွေရဲ့ မိသားစုတွေနဲ့ အတူတကွရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ထိခိုက်ဆုံးရှုံးရတဲ့ လူထုဘဝတွေအချည်းနှီးမဖြစ်စေဖို့နဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေဖို့ အစွမ်းကုန် အားထုတ်လုပ်ဆောင်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြုတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013