DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန်နှင့် ဆန်ကွဲ တင်ပို့မှုကနေ ကန်ဒေါ်လာ ၁ ဘီလီယံရရန် မျှော်မှန်း
DVB
·
April 11, 2023
မြန်မာ့ဆန်နှင့် ဆန်ကွဲ တင်ပို့မှုကနေ ကန်ဒေါ်လာ ၁ ဘီလီယံရရန် မျှော်မှန်း
Donate to DVB

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ မြန်မာ့ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိဖို့ မျှော်မှန်းထားတာကြောင့် စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေရဲ့ အကျိုးစီးပွားကိုလည်း ကြည့်ပေးသင့်တယ်လို့ လယ်သမားအရေးလှုပ်ရှားသူတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပြည်ပဈေးကွက်ဆီ မြန်မာ့ ဆန်နဲ့ဆန်ကွဲ တင်ပို့မှုက နှစ်စဉ် ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်(ဧပြီလ မှ မတ်လကုန် အထိ)က တန်ချိန် ၂,၁၆၄,၆၈၁ တင်ပို့ခဲ့ပြီး ပို့ကုန်ရ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၈၀၉ ဒသမ ၁ သန်းကျော် ရရှိ ခဲ့ပါတယ်။

အလားတူ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်(ဧပြီလ မှ မတ်လကုန်အထိ)မှာလည်း တန်ချိန် ၂၂၆၁၂၀၃ တင်ပို့ခဲ့ပြီး ပို့ကုန်ရ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၄ သန်းကျော် ရရှိထားပါတယ်။ 

ဒါကြောင့် ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၂သန်းခွဲကို တင်ပို့နိုင်ဖို့ မျှော်မှန်းထားပြီး ပို့ကုန်ရ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ (၁ ဘီလီယံ) ရရှိဖို့ ရည်မှန်းထားတဲ့အကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

ပြည်ပဈေးကွက်ဆီ မြန်မာ့ဆန်နဲ့ဆန်ကွဲ တင်ပို့မှုပမာဏက နှစ်စဉ် တန်ချိန် ၂သန်းကျော် တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေ ရရှိမှု လည်း တိုးတက်လာပေမယ့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေရဲ့ဘဝကတော့ ပြောင်းလဲလာမှု မရှိသေးဘူးလို့ လယ်သမားအရေးလှုပ်ရှားသူတွေက ထောက်ပြထားပါတယ်။

“(Exporters)ပို့ကုန်သမားကြီးတွေဟာ သူတို့ လုပ်နိုင်တဲ့ စွမ်းရည်နဲ့ လုပ်ကြတာဖြစ်လို့ သူတို့နဲ့ ထိုက်တန်တဲ့ အကျိုးအမြတ်ကို ခံစားကြရတယ်။ ဒါကို တောင်သူတွေဘက်က နားလည်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ ဆန်စပါးထုတ်လုပ်တဲ့ တောင်သူတွေဘက်က အရှုံးပေါ်ခဲ့ရတယ်။ ဘာလို့အရှုံးပေါ်ခဲ့ရလဲ၊ ဈေးကွက်က မတရားနှိမ်တဲ့ အတွက်ကြောင့်လေ။ ပြီးခဲ့တဲ့ နှစ်တွေမှာ ထုတ်လုပ်မှု ကုန်ကျမှုစရိတ်နဲ့ ဈေးကွက်ကလည်း အကျိုးအမြတ်မရှိတဲ့ အခြေအနေဖြစ်ခဲ့လို့ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေ တော်တော်လေး နလန်မထူ ဖြစ်ခဲ့ရတယ်။ အခု ဒီနှစ်မှာတော့ တောင်သူတွေဟာ ပြီးခဲ့တဲ့ မိုးစပါးရာသီ ကစပြီး အနည်းအကျဉ်းတော့ အကျိုးခံစားခွင့်လေး ရလာတယ်လို့ ဆိုနိုင်ပေမဲ့ ငွေလုံးငွေရင်း အကြီးသမားကြီးတွေရဲ့ အကျိုးအမြတ်နဲ့ယှဉ်ရင်တော့ တခြားစီပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် စိုက်ပျိုးထုတ်လုပ်တဲ့ လယ်သမားတွေအတွက် ထိုက်သင့်တဲ့ အကျိုးအမြတ် ခံစားခွင့် ရရှိဖို့က ဈေးကွက်ကို မတရား ဖိနှိမ်မှု မရှိအောင် ဖန်တီးပေးနိုင်ဖို့ လိုတယ်လို့ စိုက်ပျိုးရေးသုတေသီတဦးကလည်း သုံးသပ်ထားပါတယ်။

“ဆန် ၁ တန်ကို ဒေါ်လာ ၃၂၀ ဈေး ရှိခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကာလတွေတုန်းက ကုန်သမားကြီးတွေက ဆန် ၁ တန် အပေါ်မှာ ဒေါ်လာ ၁၀၀ နီးပါး အမြတ်ယူခဲ့တော့ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေအပေါ်မှာ အကျိုးအမြတ် ဘယ်ကျန်ပါတော့ မလဲ။ အခုအချိန်မှာတော ဆန် ၁ တန်ကို ဒေါ်လာ ၄၀၀ ကျော် ရှိတာကြောင့် ပို့ကုန်သမားကြီးတွေက ဆန် ၁ တန် အပေါ်မှာ ဒေါ်လာ ၂၀ လောက် အမြတ်ယူပြီး စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူအတွက် မျှမျှတတ လုပ်ပေးသင့်တယ်။ ဘာလို့လဲဆို သူတို့က ဆန်တန်ချိန် သိန်းနဲ့ချီပြီး နိုင်ငံခြား ပို့နိုင်တဲ့ သူတွေဖြစ်တာကြောင့် အကျိုးအမြတ်က ရှိပါတယ်။ ဒါပေမဲ့ လက်လီ ရောင်းနေတဲ့ သူတွေရဲ့ အမြတ်အစွန်း ပုံစံမျိုး မယူဘဲ လက်ကားသမား တယောက်လို ငါးမူးစား တကျပ်စားရင်တောင် ချမ်းသာ နိုင်ပါတယ်။ ဒါကြောင့် ပြောရရင် စပါး ပေါ်တဲ့အချိန်မှာ သူတို့က ဈေးကွက်ကို မတရား လိုက်နင်းတဲ့အတွက် ထုတ်လုပ်တဲ့ တောင်သူတွေက စိတ်ပျက်ပြီး မထုတ်လုပ်တော့ရင် သူတို့အတွက်လည်း အကျိုးအမြတ် လျှော့စေပါတယ်။ ဒါဆို တိုင်းပြည်အတွက်လည်း နိုင်ငံခြားဝင်ငွေ လျှော့နည်းစေမှာ ဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့ဆန်နဲ့ဆန်ကွဲတွေကို ပြည်ပဈေးကွက်အနေဖြင့် တရုတ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဥရောပသမဂ္ဂ(အီးယူ)၊ အင်ဒိုနီးရှား၊ မလေးရှား၊ သီရိလင်္ကာ၊ အာဖရိက နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ တင်ပို့နေတာဖြစ်ပါတယ်။

PHOTO-MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013