DVB Logo
Home
မြန်မာသတင်း
နမ့်ဖတ်ကာ မီးဘေးဒုက္ခသည် မိသားစုဝင် ၁၀၀ နီးပါး အကူအညီလိုအပ်နေ
DVB
·
April 11, 2023
နမ့်ဖတ်ကာ မီးဘေးဒုက္ခသည်  မိသားစုဝင် ၁၀၀ နီးပါး အကူအညီလိုအပ်နေ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမြို့ မန်နိမ့်အုပ်စု မိုင်လွမ်းရွာမှာ  ဧပြီ ၇ ရက် ညက မီးလောင်မှုဖြစ်ပွါးပြီး နေအိမ် ၂၇ လုံး မီးထဲပါသွားတာကြောင့် မိသားစုဝင် ၁၀၀ နီးပါး စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရပါတယ်။ 

အဆိုပါရွာမှာ အိမ်ခြေစုစုပေါင်း ၃၃ လုံးရှိပြီး ၂၇ လုံးမီးထဲပါသွားတာကြောင့် မိသားစုဝင်တွေဟာ သူတို့ဆွေမျိုးနီးစပ်ရွာတွေမှာရော ကွတ်ခိုင်မြို့ပေါ်မှာပါ သွားရောက်ခိုလှုံနေရပြီး တဝက်ကျော်က တော့ ကျေးရွာမူလတန်းကျောင်းမှာ စုနေရတယ်လို့  ဧပြီ ၁၀ ရက် က မီးဘေးသင့်သူတွေ သွားရောက်ကူညီခဲ့တဲ့ပေးသောလက်စေတနာရှင် သွေးနှင့်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်မော်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့တွေ့ခဲ့တာတော့  ကျေးရွာမူလတန်းကျောင်းမှာ ခိုလှုံနေတာ အမျိုးသမီး၊ အမျိုးသား၊ ကလေးတွေပါ စုစုပေါင်း ၆၀ ကျော်ရှိပါတယ်၊ တချို့က မြို့ပေါ်နဲ့ သူတို့ဆွေမျိုးအိမ်မှာ သွားနေ ကြတယ်။ အိမ်တွေအကုန်မီးထဲပါသွားပြီး ဘာမှမရလိုက်တော့ လိုအပ်တာတော့ အကုန်ပါဘဲ။ ကျနော်တို့အဖွဲ့က အလှူရှင်တွေလှူလိုက်တဲ့ ဆန်၊ ဆီ၊ ဟင်းချက်စရာနဲ့ အဝတ်အထည်၊ အသုံး အဆောင်တွေ သွားလှူခဲ့ပါတယ်။ သူတို့အလိုအပ်ဆုံးက နေစရာအတွက် အိမ်ဆောက်ပစ္စည်းတွေလို့ ပြောတယ်ခင်ဗျ။ ”

လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း ( ရှမ်း/မြောက် )ကလည်း ဒီကနေ့မွန်းလွဲပိုင်းမှာ ဆန်အိတ် ၅၀၊ သွပ်ပြား အချပ် ၁၅၀ ၊ စားသောက်ကုန်နဲ့ အဝတ်အထည်တွေ သွားရောက် လှူဒါန်းခဲ့ကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့ဝင် တဦးက ပြောပါတယ်။ 

ကွတ်ခိုင်ဒေသခံ တဦးကတော့ အိမ်တအိမ်ရဲ့ ဘေးမှာရှိတဲ့ အမှိုက်ပုံကနေ  မီးစလောင်တာဖြစ်ကြောင်းနဲ့ အဆိုပါရွာဟာ ကွတ်ခိုင်မြို့နဲ့ ၁၀ မိုင်ကျော်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် မီး သတ်ကားတွေ နောက်ကျမှရောက်လာတယ်လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ် ၂၇ လုံးအပြင် မော်တော်ကားနဲ့ ဆိုင်ကယ်တွေပါ ဆုံးရှုံးကြောင်း၊ အိမ်တွေဟာလည်း တိုက်အိမ်၊ ပျဉ်ထောင်အိမ်တွေဖြစ်ကြောင်း၊ အဲဒီရွာမှာ တရုတ်နဲ့ ပလောင်တိုင်းရင်းသားတွေနေထိုင်ပြီး တောင်ယာလုပ်ငန်း ၊ လက်ဖက်ခြံလုပ်ငန်းတွေနဲ့ အသက်   မွေးဝမ်းကျောင်းကြတယ်လို့ ကွတ်ခိုင်ဒေသခံက ပြောပါတယ်။

PHOTO -Given Hand

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013