DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃၂၃၀ ခန့်ထိ မြင့်တက်
DVB
·
April 10, 2023
စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃၂၃၀ ခန့်ထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ် ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၂၃၀ နီးပါး နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၃၀၀ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၄၂၁ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲဖြစ်ပြီး အဲဒီထဲက ၅,၅၈၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၉ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချ မှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၁ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၅၇ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ သိက္ခာ တော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနား အကျဉ်းထောင်တွင်း တရားရုံးကနေ မတရားအသင်းဆက်သွယ်မှုအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ထိုင်းနိုင်ငံကို ဆေးကုသမှု ခံယူဖို့ ထွက်ခွာချိန် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင် ဘာလမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီ ၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို ဟုမ္မလင်းမြို့နယ် တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင် ဒဏ် ၁၀ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နဲ့ ၆ လ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

ကိုကျော်ဝင်းစိန်ဟာ မန္တလေးမြို့မှာ ဆေးကုသမှုခံယူနေချိန် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁ ရက်က အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013