DVB Logo
Home
မြန်မာသတင်း
ဝင်ငွေရလမ်းမပြနိုင်သည့် ငွေများ အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံလာနိုင်
DVB
·
April 10, 2023
ဝင်ငွေရလမ်းမပြနိုင်သည့် ငွေများ အိမ်ခြံမြေဈေးကွက်အတွင်း  ရင်းနှီးမြှုပ်နှံလာနိုင်
Donate to DVB

အာဏာသိမ်း စစ်ကောင်စီက အသစ်ပြဋ္ဌာန်း လိုက်တဲ့ ၂၀၂၃ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ဝင်ငွေရလမ်း မတင်ပြနိုင်တဲ့ ဝင်ငွေတွေအပေါ် အခွန်နှုန်းထားတွေ ဖြေလျှော့ပေးထားတဲ့အတွက် အိမ်ခြံမြေဈေးကွက်ထဲ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ရှိတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက သုံးသပ်ပြောပါတယ်။

အဆိုပါဥပဒေမှာ ပါရှိတဲ့ ဖော်ပြချက်အရ ဘယ်သူမဆို အခြေပစ္စည်း တရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနဲ့ လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုတဲ့ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်တဲ့ ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ်မှာ လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုတဲ့ ဝင်ငွေအပေါ်မှာ လည်းကောင်း အခွန်နှုန်းထားတွေကို ရာခိုင်နှုန်းအလိုက် ဖြေလျှော့ပေးထားပါတယ်။

ဒါကြောင့် ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိတဲ့ စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေအပေါ် စစ်ကောင်စီက ရာခိုင်နှုန်းအလိုက် အခွန်ဖြေလျှော့မှုတွေ ပေးထားတဲ့အတွက် အဆိုပါ ဝင်ငွေတွေဟာ အိမ်ခြံမြေဈေးကွက်ထဲကို ဝင်လာဖို့ ရှိတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက ခန့်မှန်းထားပါတယ်။

“ကျနော်တို့ဆီမှာ များသောအားဖြင့်ပေါ့နော်။ ဝင်ငွေခွန်အတွက် အခွန်နှုန်းထားတွေ အခုလို လျှော့ပေါ့ ပေးတဲ့အခါ အိမ်ခြံမြေ ဈေးကွက်ထဲကို ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ငွေကြေးတွေ ဝင်လာလေ့ ရှိပါတယ်။ အခုလည်း ရင်းနှီးမြှုုပ်နှံမှုတွေ ဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ငွေကြေး များများစားစား ရင်းနှီးမြှုပ်နှံလို့ရတဲ့ နေရာက လက်ရှိမှာ မြေလောက် ကောင်းတဲ့ နေရာမရှိသေးဘူး။ ရွှေတို့ ဒေါ်လာတို့ ဆိုတာကလည်း ဒီလောက် ငွေများများစားစားနဲ့ ဝယ်ပြီး ကိုင်ထားဖို့ဆိုတာက လွယ်တာ မဟုတ်ဘူးလေ။ မြေ ကတော့ ရှင်းတယ်။ တကွက် တည်းနဲ့ သိန်း ထောင်ချီ သောင်းချီ ရှိတယ်။ ဒါကြောင့် လူတွေက ငွေကြေး ပိုလျှံလာလို့ ရှိရင် မြေကိုပဲ ဝယ်ထားကြတယ်။ ပြီးတော့ မြေက ဝယ်ထားမိလို့ ရှုံးတာကလည်း ခပ်ရှားရှားပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေတွေအပေါ် ကောက်ခံမယ့် အခွန်ရာခိုင်နှုန်းတွေကို လျှော့ပေါ့ ပေးထားတာဟာ ငွေဖြူလုပ်ချင်တဲ့သူတွေအတွက် လမ်းဖွင့်ပေးလိုက်တာနဲ့ အတူတူပဲလို့ အခွန်နဲ့ဘဏ္ဍာငွေကြေး ဆိုင်ရာ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။

“အဲ့ဒီ့မှာ ပုဒ်မ-၂၅ အရ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ အချက် ထည့်သွင်းတာ ရှိတယ်။ အဲ့ဒီ့အတွက် သတ်မှတ်ထားတဲ့ ပမာဏက အရင်ကဆိုရင် ၁ ကျပ်ကနေ သိန်း တထောင် အထိကို ၃ ရာခိုင်နှုန်းသတ်မှတ်ထားတာ။ ဒါပေမဲ့ အခုတော့ ၁ ကျပ်ကနေ သိန်း သုံးထောင် အထိကို ၃ ရာခိုင်နှုန်း ဆိုတော့ သုံးဆ လျှော့ပေးထားတဲ့ သဘော ဖြစ်တယ်။ ပြီးတော့ ပြည်ထောင်စုအခွန်ဥပဒေကို အခုလို တဦးတည်း သဘောဆန္ဒနဲ့ ထုတ်ပြန်လို့ မရဘူး။ လွှတ်တော်မှာ ဆွေးနွေးပြီးတော့မှ အတည်ပြုရတယ်။ အခုတော့ သိတဲ့အတိုင်းပဲ လွှတ်တော်ရဲ့အခန်းကဏ္ဍက မရှိတော့ အထိမ်းအကွပ်မဲ့နေတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်

၂၀၂၃ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေရဲ့ ပုဒ်မ-၂၅(က)မှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နဲ့ ၆-က တို့အရ သက်သာခွင့်တွေ နုတ်ပယ်ခြင်း မပြုဘဲ စည်းကြပ်မှုမှ ကင်းလွတ်နေတဲ့ ဝင်ငွေ အပေါ် သတ်မှတ်ထားတဲ့ အခွန်နှုန်းထားတွေကတော့ ၁ ကျပ် မှ သိန်း ၃,၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၃,၀၀၀ မှ ၆,၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ သိန်း ၆,၀၀၀ မှ ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀,၀၀၀နဲ့အထက် ၃၀ ရာခိုင်နှုန်း အသီးသီး သတ်မှတ်ထားပါတယ်။

စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေ ဆိုတာက ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေတွေကိုသာ သတ်မှတ်ထားကြောင်းနဲ့ အဆိုပါ ဥပဒေရဲ့သက်တမ်းမှာလည်း ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက် မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက် အထိသာ အကျိုးသက်ရောက် စေရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Photo -Myanma Port Authority

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013