DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဒေသခံများ သွားလာနေသည့်လမ်း ဘူဒိုဇာဖြင့် ဖျက်ဆီးခံရ၊ ကျွန်းလှတွင် ဆိုင်ကယ် ၂ ဦးစီးနင်းသူများကို ဖမ်းဆီးငွေညှစ်
DVB
·
April 10, 2023
စစ်ကိုင်းတိုင်းဒေသခံများ သွားလာနေသည့်လမ်း ဘူဒိုဇာဖြင့် ဖျက်ဆီးခံရ၊ ကျွန်းလှတွင် ဆိုင်ကယ် ၂ ဦးစီးနင်းသူများကို ဖမ်းဆီးငွေညှစ်
Donate to DVB

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ် ဒေသခံအများစုအသုံးပြုတဲ့ လမ်းပိုင်းကို ဧပြီ ၉ ရက်က မနက် ၇ နာရီလောက်မှာ စစ်ကောင်စီက ဘူဒိုဇာနဲ့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ညောင်လှရွာနဲ့ ၆ မိုင်‌ဝေးတဲ့ မူးစုံတံတားအနီးက လမ်းကို ဘူဒိုဇာနဲ့မြေတွေ ကုတ်ဖယ်ပြီး ဖျက်ဆီးသွားကြတယ်။ ဘာလို့ စစ်ကောင်စီက ဒီလိုလုပ်ရတာဆိုတော့ ဒေသခံပြည်သူတွေ သွားလာရေး ခက်ခဲအောင်လုပ်နေတာ။ အခုလို လုပ်လို့ သူတို့ကအောင်မြင်ပြီလို့ စစ်ကောင်စီဘက်က ထင်ကောင်းထင်နေလိမ်မယ်။ ပြည်သူက သူတို့ရှေ့ကဖျက်ရင် နောက်ကပြင်ဖို့ရာ အစဉ်သင့်ပဲ။ ကျနော်တို့ဒေသခံတွေကတော့ အရင်ကတည်းကမှ ရွာတွေကို မီးရှို့ဖျက်ဆီးလို့ သူ‌တို့ကို ရွံနေကြတာ။ အခုလို လမ်းပါဖျက်ဆီးတော့ ရွံပြီးရင်ရွံပဲ ဆရာရေ” လို့ ညောင်လှရွာ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဖျက်ဆီးခဲ့တဲ့ လမ်းပိုင်းဟာ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်တွေက ဒေသခံတွေသာမက ကလေး၊ တမူးကိုသွားတဲ့ ခရီးသည်ကားနဲ့ ကုန်ကားတွေလည်း သွားလာနေတဲ့လမ်းပိုင်းလည်း ဖြစ်ပါတယ်။ 

အဆိုပါလမ်းမှာ ခရီးသည်တင်ကားနဲ့ ကုန်တင်ကာအစီးရေ ၁၀၀ ကျော် နေစဉ်သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “စစ်ကောင်စီက အခုလို ဒီလမ်းပိုင်းကို ဖျက်ဆီးရတာက သူတို့ (-) တွေ အထိုင်ချတပ်စွဲနေတဲ့ ဒီပဲယင်းမြို့၊ ရေဦးမြို့၊ တန်ဆည်မြို့တွေကို ဒေသခံတွေက ဖြတ်သန်းမောင်နှင်တာ မရှိတာရယ်၊ အဲဒီမြို့တွေကို ရှောင်ကွင်းမောင်းတာလုပ်လို့ အခုလို ဖျက်ဆီးတာဖြစ်နိုင်တယ်ဗျ” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း လမ်းဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ဟာ ရေဦးမြို့ပေါ် ရောက်ရှိသွားပြီဖြစ်ကာ နောက်နေ့တွေမှာလည်း တန့်ဆည်မြို့နယ်ဘက်ကို ထပ်မံ စစ်ကြောင်းထိုးကာ လမ်းတွေကို ဖျက်ဆီးသွားမယ်ဆိုပြီး သတင်းတွေ ပျံ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ဆိုင်ကယ်နှစ်ယောက်စီးနှင်းသူတွေကို ဖမ်းဆီးငွေညှစ် ဒဏ်ရိုက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဧပြီ ၉ ရက်မှာ ဆိုင်ကယ်တစီးအား အမျိုးသား နှစ်ဦး စီးနှင်မောင်းနှင်ခွင့်ကို ပိတ်ပင်ထားပြီးနောက် မြို့ဝင် ထွက်ဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်တွေ ဖမ်းဆီးငွေညှစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆိုင်ကယ်တစီးကို အမျိုးသားနှစ်ဦး စီးနှင်ခွင့် ပိတ်ထားတယ်။ ထွေအုပ်က ၉ ရက်နေ့က စာထုတ်ပြီး နောက်ရက်မှာ မြို့အဝင်အထွက်ဂိတ်မှာဖမ်းတော့တာပဲ။ စစ်တပ်၊ ရဲ နဲ့ ပျူစောထီးတွေ အုပ်စုက ဖမ်းတာ။ အဓိက အဖမ်းခံရတာကတော့ နယ်ကလူတွေ အဖမ်းခံရတာများတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ အမျိုးသားနှစ်ဦး မစီးရ အမိန့်တားမြစ်ချက်ကို မသိတဲ့ ကျေးရွာ နေသူတွေကို ကျွန်းလှ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျုစောထီးအဖွဲ့က ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေတာပါ။

"အချို့နယ်က လူတွေက ဆိုင်ကယ်အမျိုးသား နှစ်ယောက် မစီးရဘူး ဆိုတဲ့ အမိန့်ကို မသိကြဘူး။ နှစ်ယောက်စီးပြီး မြို့တက်လာရင် မြို့ဝင်ဂိတ်မှာ အဖမ်းခံရတာပဲ။ ကျနော့် အသိတစ်ယောက်ဆို ဆိုင်ကယ်နှစ်ယောက်စီးလာလို့ ဖမ်းတာ ငါးသောင်း ပေးပြီးပြန်ရွေးရတယ်။ အချို့တွေလည်း ဆိုင်ကယ်အသိမ်းခံရတာ၊ ရိုက်နှက်ခံရတာတွေ ရှိတယ်လို့လည်း ကြားရတယ်" လို့ ကျွန်းလှ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ် ပျူစောထီးပူးပေါင်းတပ်ဖွဲ့တို့က ကျွန်းလှမြို့ဝင် မြို့ထွက်ဂိတ်ကို ပြီးခဲ့တဲ့ မတ် ၁ ရက်မှ ၁၀ ရက်အထိ ဝင်ထွက်ခွင့် ပိတ်ပင်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013