
မကွေးတိုင်း၊ ရေစကြိုမြို့ရှိ မြန်မာ့လွတ်လပ်ရေးဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကြေးရုပ်တုကို ဇူလိုင် ၅ ရက် ညပိုင်းမှာ ဖြုတ်ချ ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူတယောက်က “ရေစကြို ရုံးပေါင်းစုံဝင်းထဲမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ် ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီရုံးပေါင်းစုံထဲမှာ စစ်တပ်က အထိုင်ချနေတာဆိုတော့ စစ်တပ်ကကောင်တွေပဲ ဖျက်ဆီးတာပေါ့ဗျာ” လို့ ပြောပါတယ်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဟာ ၉ ပေနီးပါးရှိပြီး ကြေးပိဿာချိန် ၃,၀၀၀ ဝန်းကျင် ရှိပါတယ်။
ရေစကြိုမြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ဝေကြီးကလည်း “အခု ၆ ရက်နေ့ မနက်ပိုင်းအထိတော့ ခုံပေါ်ကနေ အောက်ဖြုတ်ချထားပြီး မိုးကာနဲ့ အုပ်ထားတယ်။ ဘာဆက်လုပ်မယ် ဆိုတာတော့ မသိသေးဘူး။ ဗိုလ်ချုပ် ဆိုတာ နှလုံးသားထဲမှာ ရှိတဲ့အရာပါ။ ရုပ်တုဖျက်လို့ ပျက်ရိုးထုံးစံမရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ရေစကြိုဒေသခံတွေရဲ့ ငွေကြေးတွေနဲ့ တည်ဆောက်ခဲ့ကြတာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နီးလာချိန်မှာ မြန်မာနိုင်ငံတဝန်းရှိ ပြည်သူတွေ ချွေးနှဲစာနဲ့ တည်ဆောက်ထားတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထိမ်းအမှတ် ဂုဏ်ပြုရုပ်တုတွေကို စစ်အာဏာရှင်က ဖြုတ်ချဖျက်ဆီးတာတွေ အရှိန်မြှင့်ပြုလုပ်နေတာ ဖြစ်ပါတယ်။











