အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ ဦးဆောင်ညွန်ကြားကာ ဂျပန်နိုင်ငံရှိ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ "နွေဦးသင်္ကြန်" ကို တော်လှန်ရေးပုံရိပ်များထည့်သွင်းကာ တိုကျိုမြို့၊ ဟိဘိရပန်းခြံမှာ ဧပြီ ၉ ရက် ဒီနေ့ ကျင်းပခဲ့ပါတယ်။
တိုကျိုနွေဦးသင်္ကြန်ပွဲတော်ကို အမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်စောဘလှသိန်းက ဖွင့်ပွဲပေးခဲ့ပြီး ပွဲတော်ကို ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
နေ့လည် ၂ နာရီအထိ ဝင်ရောက်လာသူ ၆၇၀၀ ကျော်သွား ပြီး ညနေအထိဆို ၁ သောင်းနီးပါးရှိနိုင်တယ်လို့ တိုကျိုနွေဦးသင်္ကြန်ပွဲကော်မတီဝင် ကိုသန်းဇော်ထက်က ဒီဗွီဘီကို ပြောပါတယ်။
နွေဦးတော်လှန်ရေးအဖွဲ့များကို ထောက်ပံ့ဖို့ နွေဦးတော်လှန်ရေး မြန်မာ့ရိုးရာ အစားအသောက်ဆိုင်များအပြင် အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ငွေတိုက်စာချုပ် နွေဦးစံအိမ်အရောင်းကောင်တာများ၊ NUG pay စာရင်းဖွင့်ခြင်း ကောင်တာများလည်း တွေ့ရပါတယ်။
နွေဦးတော်လှန်ရေးရန်ပုံငွေ ရှာဖွေပွဲပုံရိပ်ကို ထိန်းသိမ်းတဲ့အနေနဲ့၊ တော်လှန်ရေးကာလ မြန်မာပြည်သူတွေရဲ့ ပင်ပန်း ဆင်းရဲမှုများအား ထပ်တူကိုယ်ချင်းစာတဲ့အနေနဲ့၊ တော်လှန်ရေးကာလအတွင်း ပျော်ပွဲရွှင်ပွဲအသွင် မသက်ရောက်စေလိုတာကြောင့် သင်္ကြန်ပွဲကျင်းပရေးဦးဆောင်ကော်မတီ အပါအဝင် ဈေးဆိုင်ခန်းတွေမှာ အရက်သေစာ ရောင်းချမှုကို တားမြစ်ထားတယ်လို့ သကြန်ပွဲကျင်းပရေးဦးဆောင်ကော်မတီက ဒီဗွီဘီကို ပြောပါတယ်။