
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ Happy KTV မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/ ကေအိုင်အေ) အရာရှိတချို့နဲ့ အရပ်သားပြည်သူတွေအပါအဝင် ၁၁ ဦးကို မြစ်ကြီးနားအကျဥ်းထောင် အထူးတရားရုံးကနေ ဧပြီ ၇ ရက်မှာ ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခဲ့ပါတယ်။
မြစ်ကြီးနား အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးက “အရင်က သူတို့က ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်စီချမှတ်ထားတာ။ (ဧပြီ ၇ ရက်) ဒီနေ့က ၅၂(က) အကြမ်းဖက်မှုပုဒ်မကို ထောင်ဒဏ် ၃ နှစ် ထပ်ချတယ်။ စုစုပေါင်း ထောင်ဒဏ် ၅ နှစ်ဖြစ်သွားတာပေါ့။ KTV မှာ ဖမ်းခံရတဲ့သူ အားလုံးကို ထောင်ဒဏ်ချမှတ်တာ” လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမပေါ်မှာရှိတဲ့ Happy KTV မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက် မနက် ၅ နာရီဝန်းကျင်က ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ရဲ့ အုပ်ချုပ်ရေး အရာရှိတချို့နဲ့ အရပ်သားတချို့ကို စစ်ကောင်စီတပ်တွေက အင်အား ၃၀ ခန့်နဲ့ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။
စုစုပေါင်း ၁၁ ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခဲ့ပြီးနောက် သူတို့နဲ့ဆက်စပ်နေသူ တွေကိုလည်း လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ ပါတယ်။