DVB Logo
Home
မြန်မာသတင်း
မြိုင်၊ ကနီနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရ
DVB
·
April 7, 2023
မြိုင်၊ ကနီနှင့် နွားထိုးကြီးမြို့နယ်တို့တွင်  စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဧပြီ ၆ ရက် မနက်က မိုင်းဆွဲ၊ ဒရုန်းနဲ့ ဗုံးတွေချ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ၈ ယောက်ထက်မနည်း ဒဏ်ရာရရှိကာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်လို့  ပကဖ ရဲဘော်တယောက် ပျောက်ဆုံးနေတယ်လို့ မြိုင် ပကဖကနေ သိရပါတယ်။

သရက်ကန်ရွာက စစ်ကောင်စီတပ်သားတွေ၊ ရဲနဲ့ ပျူစောထီး အင်အား ၆၀ လောက်ကို ဧပြီ ၆ ရက် မနက် ၁၁ နာရီ ၃၅ မိနစ်လောက်မှာ သရက်ကန်ရွာနဲ့ နှမ်းဆီကန်ရွာကြားမှာ တကြိမ်၊ နှမ်းဆီကန်ရွာနဲ့ တွင်းမရွာနားမှာ တကြိမ် တိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်က မိုင်းပွိုင့် ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ Drop ဗုံး ၅ လုံး ဖြုတ်ချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၈ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်။”

စစ်ကောင်စီဘက်က အထိနာသွားတာကြောင့် ညနေ ၃ နာရီခွဲလောက်မှာ ညောင်ရွာနားက ကာကွယ်ရေးစခန်းခွဲတခုကို Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်ပြီး Mi17 ၂ စီးနဲ့ ဝင်ရောက်စီးနင်းကာ ကာကွယ်ရေးစခန်းနဲ့ ကား ၂ စီးကို မီးရှို့ဖျက်ဆီးကာ ငွေကျပ်သိန်း ၁၀၀ ကို ယူဆောင်သွားတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

“သူတို့က လေကြောင်းတိုက်ခိုက်မှုမလုပ်ခင် ၁ နာရီလောက်က ဒရုန်း ၁ စင်း အရင်လာတယ်ဗျ။ ဒရုန်းအသံကြားလိုက်ပြီး ပုံမှန်ပဲထင်တာ။ ပြီးခဲ့တဲ့ တပတ်လောက်ကလည်း ကင်းထောက် လေယာဥ်လာတယ်။ သူတို့က မြိုင်ပကဖရဲ့ စခန်းခွဲ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ စခန်းကို နေရာအတိအကျနဲ့ လာရောက်စီးနင်းခဲ့တာ။ ကျနော်တို့တပ်ဖွဲ့က ကာကွယ်ရေးရဲဘော် တယောက်လည်း ပျောက်ဆုံးနေပြီး တွင်းမရွာနဲ့ ဝက်ပုတ်ရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ အဲဒီစစ်​ကြောင်းကို ကြိုဆိုဖို့အတွက် ကိုင်းတောမရွာတောင်ဘက်ကနေ စက်မှု ၂ အထိ ကင်းပုန်းတွေ ချထားတယ်။”

ပြည်သူတွေအနေနဲ့လည်း မြိုင်-ကမ္မ ကားလမ်းကို ဧပြီ ၇ ရက်ကနေ ၃၀ ရက်အထိ အကြောင်းအမျိုးမျိုးနဲ့ ယာဥ်၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း စစ်ကောင်စီတပ်တွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်လို့ တစုံတရာ မှားယွင်းမှုဖြစ်ပွားပါက တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းကျေးရွာအနီး သရက်တောရွာထိပ်မှာလည်း စစ်ကောင်စီ ပျူစောထီးပူးပေါင်းတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဧပြီ ၆ ရက် မနက် ၁၁ နာရီကျော်လောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

DRPA အဖွဲ့ခေါင်းဆောင် မောင်လင်းနွေက“ပထမ သူတို့က ကျနော်တို့ မိုင်းကွင်းတွေဆီကို နွားတွေမောင်းထည့်တယ်။ အဲ့အချိန်မှာ ကျနော်တို့အဖွဲ့တွေ မလှုပ်ရှားသေးဘဲ အသာလေးငြိမ်စောင့်နေတယ်။ သူတို့ ကျနော်တို့ ပစ်ကွင်းထဲ ရောက်လာပြီဆိုတာနဲ့ ဝိုင်းပစ်ကြတယ်။ (--) တွေ ၃ ကောင်သေပြီး ဒဏ်ရာရသူတွေလည်း များသွားတယ်။ ၁၁ နာရီကျော်ကနေ နေ့လယ် ၁ နာရီအထိ တိုက်ပွဲဖြစ်လိုက်ရတယ်။ ကိုယ့်ဘက်ကတော့ ရဲဘော်တဦး အသက်အန္တရာယ်ကတော့ မစိုးရိမ်ရတော့ဘူး။ ကျနော်တို့ဘက်က စခတွေရဲ့ နွား ၄ ကောင်လည်း သိမ်းဆည်းရမိခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ လက်နက်ခဲယမ်း ဝယ်ယူရာမှာ ငွေကြေးအကူအညီ လိုအပ်နေတယ်လို့ ကနီပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

အခုတိုက်ပွဲကို DRPA အဖွဲ့၊ အမေ့သားကျားသုံးကောင်အဖွဲ့၊ KPDF1 တပ်ဖွဲ့က KGF တပ်ခွဲနဲ့ ခရိုင်တပ်ရင်း-၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာလည်း မင်းရွာကျေးရွာ စာသင်ကျောင်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးတယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄ တပ်ရင်းက ဧပြီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၄ ရက်၊ ညနေပိုင်းက နွားထိုးကြီးမြို့နယ် မင်းရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့တာလို့ Natogyi People Defence Force - မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်းမှ တာဝန်ရှိသူက ပြောပါတယ်။

“မင်းရွာစာသင်ကျောင်းမှာ သူတို့ တပ်စွဲထားတာ ၆ လကျော်ပြီ။ ပုံမှန်ဆို အင်အား ၃၀ လောက်က အမြဲရှိတယ်။ ကျနော်တို့တိုက်ခိုက်တဲ့အချိန်က စစ်သားတချို့တဝက်က တောနင်းဖို့ ထွက်သွားတဲ့အချိန်ကို နောက်ကနေ စခန်းကို ဝင်ပစ်တာ။ ကျနော်တို့နဲ့ ပစ်ခတ်တဲ့အချိန်မှာ စစ်သားအင်အား ၁၀ ယောက်ဝန်းကျင်လောက်ပဲ ရှိတာပေါ့။ တိုက်ပွဲဖြစ်ပြီး နည်းနည်းကြာတော့ တောနင်းထွက်နေတဲ့ ကောင်တွေရယ်၊ နွားထိုးကြီးမြို့ပေါ်ကကောင်တွေ အင်အားဖြည့် စစ်ကူတွေရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်။”

ဒါ့အပြင် မင်းရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ပထမပတ်က မင်းရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူ ၄ ဦး အပါအဝင် ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် လမ်းသွားလမ်းလာ ဈေးကားတွေ၊ ကုန်ကားတွေကို တားဆီးစစ်ဆေးတာ၊ ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေပြီး မင်းရွာက NLD ထောက်ခံသူတွေကို ဖမ်းဆီးကာ မြင်းခြံမြို့နယ်က ပျူစောထီးလက်အပ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013