Home
ဆောင်းပါး
မြန်မာစစ်တပ်၏ စစ်ဆင်မှုနည်းဗျူဟာ ပြောင်းလဲလာမှုအကြောင်း တစေ့တစောင်း
DVB
·
April 7, 2023

၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ ဆိုဗီယက်တပ်တွေက တာမက်ဇ်မြို့ကနေတဆင့် အာဖဂန်နစ္စတန်နိုင်ငံထဲကို ဝင်လာခဲ့ကြပြီး ကိုးနှစ်ကျော်ကြာတဲ့ စစ်ပွဲကို အစပျိုးမိသလို ဖြစ်သွားခဲ့တယ်။ အနောက်မီဒီယာတွေက ဝက်ဝံထောင်ချောက်လို့ သုံးနှုန်းသလို အာဖဂန်နိုင်ငံထဲက ဆိုဗီယက်တပ်တွေရဲ့ ဗီယက်နမ်စစ်ပွဲလို့လည်း ခေါ်ဝေါ်ခဲ့ကြပြီး အာဖဂန်ပြည်သူ ငါးသိန်းကျော်ကနေ နှစ်သန်းအတွင်း သေကျေစေခဲ့ပါတယ်။ ဆိုဗီယက်တပ်တွေ ဝင်လာရတဲ့ ရည်ရွယ်ချက်က ဆိုဗီယက်ကို ထောက်ခံတဲ့ အာဖဂန်အစိုးရနဲ့ ခေါင်းဆောင်သစ် ကာမယ်လ်ကို ကာကွယ်ဖို့ရယ်၊ မြို့တွေနဲ့ လမ်းမကြီးတွေကို လုံခြုံရေးယူပြီး ခြောက်လ (သို့) တနှစ်အတွင်း ပြန်ဆုတ်ခွာဖို့ပါပဲ။ ဒါပေမဲ့ ခြေလှမ်းကျွံပြီး ကိုးနှစ်ကျော် ကြာသွားခဲ့တယ်။ အာဖဂန်အစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ သူပုန်ပြောက်ကျားများအား ချေမှုန်းရေး ဆိုပေမဲ့ သူပုန်တွေရဲ့ ပြောက်ကျားနည်းဗျူဟာကို မချေဖျက်နိုင်လို့ လှုပ်လေ မြုပ်လေ ဖြစ်ခဲ့ရတယ်။

ဒုတိယကမ္ဘာစစ်က ကျယ်ပြန့်တဲ့ လွင်ပြင်စစ်ပွဲတွေအတွက်သာ မဟာဗျူဟာကျကျ ဖွဲ့စည်းလေ့ကျင့်ထားတဲ့ အာဖဂန်တပ်တွေဟာ ပြောက်ကျားစစ်ကို ဘယ်လို ဖြေရှင်းဖြိုခွဲရမလဲ ဆိုတာ မသိနားမလည်ခဲ့ကြဘူး။ သူပုန်တွေဘက်က ဖော်ဆောင်တဲ့  တိုက်ပွဲအတော်များများကလည်း ကျေးလက်ဒေသကို အခြေခံပြီး ပြောက်ကျားစစ်ဆင်နေခဲ့မှုကြောင့် ဆိုဗီယက်တပ်တွေ အထိနာသထက် နာလာပြီး ခြောက်လ အကြာမှာပဲ တပ်အင်အား တသိန်းကျော်ထိ ဖြန့်ကြက်လာခဲ့ရတယ်။

ဆိုဗီယက်တွေဟာ မူဂျာဟစ်ဒင်ပြောက်ကျားတွေကို သမားရိုးကျစစ်တိုက်ခြင်းနဲ့ ချေမှုန်းလို့မရတော့မှန်း သိလာတဲ့အတွက် စစ်ဆင်နည်းနာအသစ်တွေ ဖော်ထုတ် ကျင့်သုံးလာရပါတော့တယ်။

ဆိုဗီယက်တပ်တွေ ကျင့်သုံးခဲ့ရတဲ့ စစ်ဆင်မှုနည်းဗျူဟာတွေက အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ရှိ စစ်ဆင်မှုနည်းနာတွေပါပဲ။

၁။ မြေလှန်ဖျက်ဆီးစနစ် ကျင့်သုံးခြင်း

၂။ ရဟတ်ယာဉ်အများအပြား သုံးစွဲခြင်းနှင့် လေတက်အပေါ် မှီခိုလွန်းခြင်း

၃။ အင်အားပြုန်းတီးမှုများစေတဲ့ သမားရိုးကျ စစ်ကြောင်းထိုးမှုမျိုး လျှော့ချပြီး အထူးစစ်ဆင်ရေး အမာခံတပ်စုများ၊ လေကြောင်းချီကွန်မန်ဒိုတပ်စုများနဲ့ သတင်းတိကျမှုအပေါ် အခြေပြု၍ ဝင်ရောက်ရှင်းလင်းခြင်း

၄။ တောင်ပေါ်နှင့် တောတွင်းစစ်ဆင်ရေးကို လေ့ကျင့်လာခြင်းတို့ပဲ ဖြစ်ပါတယ်။

မြေလှန်ဖျက်ဆီးစနစ် ကျင့်သုံးခြင်းဆိုရာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ ရောက်လေရာ တွေ့သမျှ မီးရှို့ဖျက်ဆီးပါတယ်။ စိုက်ပျိုးမြေတွေ စပါးပုတ်တွေ မီးရှို့၊ ရေတွင်း အဆိပ်ခတ်တာမျိုး၊ ဆည်မြောင်းတွေကို မိုင်းခွဲ စစ်ရှောင်လူထုကို တော်လှန်ရေးတပ်တွေအနား ရောက်သွားစေပြီး စားဝတ်နေရေး ဘေးကင်းလုံခြုံမှုကအစ တော်လှန်ရေးတပ်တွေက တာဝန်ယူလာရအောင် အကြမ်းဖက်စစ်ကောင်စီက ပြုကျင့်ပါတယ်။ စစ်ဘေးရှောင်လူထုရဲ့ ဝန်အားက တော်လှန်ရေးတပ်တွေအပေါ် ပိလာစေတဲ့အတွက် စစ်ဆင်နိုင်မှု အခက်အခဲများ၊ စစ်ရှောင်လူထုအတွက် သုံးလိုက်ရတဲ့ ငွေကြေးများကြောင့် လက်နက်ခဲယမ်းဝယ်နိုင်မှု လျော့သွားစေတာ စသဖြင့် အကန့်အသတ် ပိုများလာစေပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ နဂိုရှိပြီးသား ရဟတ်ယာဉ်တွေအပြင် ရုရှားနိုင်ငံဆီက KA 28 အမျိုးအစား ရဟတ်ယာဉ် ခြောက်စီးအထိမှာယူတာ၊ တရုတ်နိုင်ငံဆီက FTC 2000G ညစစ်ဆင်ရေးလုပ်နိုင်တဲ့ တိုက်လေယာဉ် အစီး ၄၀ ထိ မှာယူတာ စသဖြင့် လေတပ်အပေါ် မှီခိုလာခြင်း၊ လေတပ်အင်အား ပိုမိုတည်ဆောက်လာခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားရာမှာလည်း လေတပ်အသုံးပြုမှုဟာ မကြုံစဖူးအောင် များပြားမြင့်တက်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ဘေးရှောင်လူထု များသထက်များလာ ဒုက္ခသည်စခန်းတွေ မှိုလိုပေါက်လာအောင် သမားရိုးကျ စစ်ကြောင်းထိုးမှုတွေ အင်အားအပြုန်းတီးခံပြီး တနှစ်လောက် လုပ်ခဲ့ရပါတယ်။ သည့်နောက်ပိုင်းမှာတော့ ထိုကဲ့သို့ သမားရိုးကျ စစ်ကြောင်းထိုးမှု တဖြည်းဖြည်း လျှော့ချလာပြီး သတင်းတိကျစွာ ရရှိမှုအပေါ် အခြေခံကာ လေကြောင်းချီစစ်ဆင်ရေးနဲ့ တော်လှန်ရေးတပ်တွေရဲ့ စခန်းပုန်းတွေ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်း သိုလှောင်မှုတွေကို ရုတ်တရုတ် အလစ်ဝင်ရောက် တိုက်ခိုက်ချေမှုန်းပါတယ်။ များပြားလာတဲ့ စခန်းဝင်ရောက်စီးနင်းခံရမှု သတင်းတွေက သက်သေခံနေပါတယ်။

အကြမ်းဖက်စစ်ကောင်စီ အနေနဲ့ မြေပြန့်လွင်ပြင်ဒေသအပေါ် ရှုမြင်တဲ့ စစ်ရေးမဟာဗျူဟာကို လေ့လာအကဲခတ်ရင် မြေပြန့်တော်လှန်ရေးအင်အားစုတွေကို တောင်ပေါ်နဲ့ တောတွင်းသို့ မောင်းထုတ်နိုင်ရေးဆိုတာ မြင်သာလာပါတယ်။ ရေနဲ့ငါး ခွဲခြားမရလို့ ငါးတွေကို အသက်ရှူကြပ်အောင်နဲ့ တခြားနေရာသို့ ရွှေ့ပြောင်းသွားစေရေး ဆိုတာ သူတို့အတွက် ၂၀၂၃ ခုနှစ်ရဲ့ စစ်ရေးရည်မှန်းချက် ဖြစ်လာပုံပါပဲ။

သည့်အတွက် ပျူအမာခံဒေသများ တည်ဆောက် လက်နက်တပ်ဆင်လာတာ၊ စစ်ရေးအရ အသက်ရှူပေါက်ရအောင် ရက္ခိုင့်တပ်တော် အေအေနဲ့ အပစ်ရပ် သဘောတူညီမှုယူကာ စစ်မျက်နှာတခုကို ထိန်းထားတာ စသဖြင့် သွက်လက်စွာ အကောင်အထည်ဖော်နေတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။

သို့ပေမဲ့ ဆိုဗီယက်တွေရော မူဂျာဟစ်ဒင်တွေရော ဘယ်ဘက်ကမှ မနိုင်ခဲ့သလို အကြမ်းဖက်စစ်ကောင်စီ အနေနဲ့လည်း နွေဉီးတော်လှန်ရေးအင်အားစုတွေအပေါ်  အမြစ်ဖြတ် ချေမှုန်းနိုင်ရေးဆိုတာ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။

အဆုံးသတ်မှာတော့ ပြည်သူ့ထောက်ခံအားပေးမှု ရရှိနေတဲ့ တော်လှန်ရေးတပ်တွေဟာ နေပြည်တော်ကို ဝင်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မလား ဆိုတာကတော့ . . . . . ။

မောင်မိုးမာန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024