
စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို ဧပြီ ၇ ရက်က မြစ်ကြီးနား အကျဥ်းထောင် အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ်။
“၁၇ (၁) နဲ့က ထောင်ဒဏ် ၂ နှစ်၊ ၅၀၅ (က) နဲ့က ထောင်ဒဏ် ၁ နှစ်၊ ၅၂ (က) နဲ့က ထောင်ဒဏ် ၃ နှစ်၊ စုစုပေါင်း ၆ နှစ် အမိန့်ချမှတ်လိုက်တယ်” လို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါင်နန်းက ပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လိုင်ဇာမြို့ကိုသွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ တက်ရောက်တဲ့ အစည်းအဝေးတခုကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်းအက်ဥပဒေ ၁၇(၁) နဲ့ တရားစွဲခဲ့တာပါ။
၅၀၅ (က) အတွက်ကတော့ အာရှဇုန်နယ်လူငယ်တွေအတွက် ဟောပြောပွဲတခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့အချိန် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါတယ်။
နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က) နဲ့ ထပ်မံတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
သူ့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူး သူအောင်ဇော်က တရားလိုပြုလုပ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အား ဒီဇင်ဘာ ၅ ရက်က ဘန်ကောက်မြို့ကို ဆေးကုဖို့အသွား မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်မှာ ညနေပိုင်း ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။