DVB Logo
Home
မြန်မာသတင်း
ပုလောတွင် စစ်တပ်လက်နက်ကြီးကြောင့် ၈ ဦးဒဏ်ရာရ၊ မြိတ်-ကော့သောင်း အဝေးပြေးကားလိုင်းများ ရက်အသန့်အသတ်မရှိပိတ်
DVB
·
April 7, 2023
ပုလောတွင် စစ်တပ်လက်နက်ကြီးကြောင့် ၈ ဦးဒဏ်ရာရ၊ မြိတ်-ကော့သောင်း အဝေးပြေးကားလိုင်းများ ရက်အသန့်အသတ်မရှိပိတ်
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဝက်တိုးရွာထဲကို စစ်ကောင်စီတပ်က ဧပြီ ၆ ရက် မနက် ၁၀ နာရီလောက်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ကလေး ၃ ဦး အပါအဝင် ဒေသခံ ၈ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “၄ ရက်နေ့ ညနေတုန်းက ပုလောကုန်းမှာ တိုက်ပွဲဖြစ်တယ်။ အဲ့အချိန်ကတည်းကနေ လက်နက်ကြီးတွေ တောက်လျှောက်ထုတာ တညလုံးနီးပါးပဲ။ မနက်တုန်းက စကစတပ်သားတွေက ဝက်တိုးရွာထဲကို လက်နက်ကြီးနဲ့ထုလို့ ရွာသားတွေ ထိတယ်။ ထိတဲ့ ကလေး ၃ ယောက်စလုံးကလည်း ၁၀ နှစ်အောက်တွေချည်းပဲ။ ၃ နှစ်အရွယ် တဦး၊ ၄ နှစ်အရွယ် တဦးနဲ့ ၆ နှစ်အရွယ် တဦး” လို့ ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ပုလောကုန်းမှာ တိုက်ပွဲဖြစ်တာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်။ ဝက်တိုးနဲ့ ပုလောကုန်းရွာက ၁ မိုင်ပဲဝေးတယ်။ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ ပုလော ၂၈၅ တပ်ရင်းကနေ လက်နက်ကြီးလေးလုံး သီးခြားထုတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၉ ရက်နဲ့ ဧပြီ ၁ ရက်နေ့မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပုလောမြို့ စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ပုလောတံတားထိပ်မှာရှိတဲ့ ကင်းစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့် အရာရှိတဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ရမ်းဖိုတံတားမှာ ဧပြီ ၄ ရက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ကော့သောင်း အဝေးပြေးကားလိုင်းကို ရက်အသန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိတ်-ကော့သောင်း ကားလမ်းပိုင်းပေါ်မှာရှိတဲ့ ရမ်းဖိုတံတားမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဆိုပါ ရမ်းဖိုတံတား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က ကော့သောင်းအဝေးပြေးကားလိုင်းတွေကို ပိတ်ပင်လိုက်ပြီး ဘယ်ရက်ပြန်ဖွင့်မလဲ ဆိုတာတော့ မသိရသေးဘူးလို့ ခရီးသည်တဦးက ပြောပါတယ်။

“တံတား ဗုံးပေါက်လို့ဆိုပြီး ပိတ်လိုက်တာ၊ ခုတောင် ကော့သောင်းကနေ ပြန်မယ်လုပ်နေတာ။ ကားလိုင်းပိတ်‌တော့ ပြန်လို့မရ ဖြစ်နေတယ်၊ ဘယ်ရက်ပြန်ဖွင့်မလဲ မသိရဘူး။”

ဒ့ါအပြင် ဧပြီ ၅ ရက်က ကော့သောင်းကနေ ထွက်ခွာသွားတဲ့ ကုန်တင်ကားတွေနဲ့ ခရီးသည်ကားတွေကိုလည်း စစ်ကောင်စီက ဖြတ်သန်းခွင့်မပေးဘဲ လှည့်ပြန်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်က မြိတ်-မောတောင်ကားလမ်းတလျှောက်မှာ စစ်ကောင်စီတပ်သားတွေ ပါလာတဲ့ ကားတချို့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရသလို ဆွဲမိုင်းနဲ့လည်း စောင့်ကြိုတိုက်ခိုက်ခံခဲ့ရတာပါ။

ဒီ့နောက် တနင်္သာရီ-မောတောင် ကားလမ်းတလျှောက် တိုက်ပွဲပြင်းထန်နေတာကြောင့် ခရီးသွားလာမှု ပိတ်ပင်လိုက်တာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013