DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လုပ်ငန်းသုံး မီးစက်များအတွက် ဒီဇယ်ဆီဝယ်ရခက်ခဲနေ
DVB
·
April 7, 2023
ရန်ကုန်တွင် လုပ်ငန်းသုံး မီးစက်များအတွက် ဒီဇယ်ဆီဝယ်ရခက်ခဲနေ
Donate to DVB

ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီဈေးနှုန်းတွေက ၁ လီတာကို ကျပ် ၁၀၀ အနည်းဆုံး မြင့်တက်လာတဲ့အပြင် လုပ်ငန်းသုံး ဂျင်နရေတာ မီးစက်အတွက် သုံးတဲ့ ဒီဇယ်ဆီကလည်း ဝယ်ရခက်ခဲနေတဲ့အကြောင်း စက်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။

အကြောင်းရင်းက အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့ ခွဲဝေပေးနေရာကနေ လက်ရှိမှာတော့ အချိန်ဇယားနဲ့ မပေးနိုင်တော့တဲ့အတွက် လျှပ်စစ်မီးမရတဲ့အချိန်က ပိုများလာပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်တွေဟာ လျှပ်စစ်မီးအတွက် ကိုယ်ပိုင်ဂျင်နရေတာ မီးစက်တွေနဲ့ အစားထိုးပြီး လုပ်ငန်းလည်ပတ်အောင် ရုန်းကန်နေရတဲ့ကြားထဲက လိုအပ်တဲ့ ဒီဇယ် စက်သုံးဆီကို ရရှိဖို့ လိုက်လံရှာဖွေနေရတဲ့ ဒုက္ခပါ ကြုံနေရတယ်လို့ ဆိုပါတယ်။

“အခုဟာက လုပ်ငန်းအတွက်သုံးတဲ့ ဂျင်နရေတာ စက်ကြီးတွေက ၁ လုံးကို သိန်း ၃၀၀ ကျော် ရှိတယ်။ စက်တွေဝယ်ရတာ ထားပါတော့။ ကိုယ့်အပိုင်ဆိုတော့လေ။ ဒါပေမဲ့ စက်မောင်းဖို့အတွက် ဆီက ပြဿနာတက်နေရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆီဆိုင်တွေမှာ ဒီဇယ်ဆီတွေ အရောင်းရပ်သွားလို့ တော်တော်လေး အုတ်အော်သောင်းတင်း ဖြစ်သွားသေးတယ်။ အခု ပြန်တော့ ရနေပါပြီ။ ဒါပေမဲ့ တော်တော်ခက်ခက်ခဲခဲကြီးကို လိုက်ရှာ ဝယ်နေရသေးတယ်။ ပြီးတော့ ဆီဈေးကလည်း ရက်ပိုင်းအတွင်းမှာပဲ တက်လာတယ်နော်။ ၁ လီတာကို အနည်းဆုံး ၁၀၀ ကျပ် တက်သွားတယ်။ သင်္ကြန်နားနီးရင် ထပ်တက်မယ်လို့ ကြားတယ်။ အဲ့တော့ ကျနော်တို့မှာ ပိုက်ဆံတွေကို ထိုင်ပြီး မီးရှို့နေသလို ဖြစ်နေတာပေါ့ဗျာ။ ဒါပေမဲ့ စက်သုံးဆီသွင်းခွင့်ရတဲ့ သူတွေကတော့ ကြီးပွားပြီးရင်း ကြီးပွားလာမှာပေါ့နော်။ အဲ့လူတွေကတော့ သိတဲ့အတိုင်းပဲ စစ်ကောင်စီနဲ့နီးစပ်တဲ့ ခရိုနီတွေနဲ့ စစ်တပ်အသိုက်အဝန်းက လူတွေပဲ မဟုတ်လား” လို့ ဒီဗွီဘီကို ပြောပါတယ်။

အသေးစားစက်မှုလုပ်ငန်းရှင်တဦးကလည်း လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းက မလုပ်ရင် ထိုင်နေရမယ့် အခြေအနေကြောင့် အလုပ်ဖြစ်အောင် လုပ်နေရတဲ့ သဘောသာ ရှိတယ်လို့ ဆိုပါတယ်။

“သူတို့ပြောတဲ့ အချိန်ဇယားဆိုတာက ပုံမှန်ဆိုရင် မနက် ၉ နာရီလာ၊ နေ့လယ် ၁ နာရီ ပြန်ပျက်။ နေ့လယ် ၁ နာရီက ပြန်ပျက်ပြီး ညနေ ၅ နာရီ ပြန်လာ။ ဒါက အရင် သူတို့ ပုံမှန် ပေးနေတဲ့ပုံစံနဲ့ အလှည့်ကျပေးတဲ့စနစ်။ အခုက လာတဲ့အချိန် မမှန်တော့ဘူး။ မလာတဲ့ အချိန်ကသာ များနေလို့ မီးစက်နဲ့နှိုးနေရတယ်။ မီးစက်နဲ့နှိုးနေရတော့ ဆီဖိုးက အပိုကုန်ကျစရိတ် တက်တက်လာတယ်။ ဆီဖိုးစရိတ်တွေသာ တက်လာပေမဲ့ ရတဲ့ဝင်ငွေက တက်လာကြတာ မဟုတ်ဘူး။ ကျနော်တို့ အခြေအနေက ရှင်းရှင်းပြောရရင် အလုပ်ဖြစ်အောင် လုပ်နေရတဲ့သဘော ဖြစ်နေတာ။ မလုပ်ရင်လည်း ထိုင်နေရမယ့် အခြေအနေပဲ ရှိနေတာလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေမှာ ဧပြီ ၆ ရက် ရောင်းချပေးနေတဲ့ ဈေးနှုန်းက ၁ လီတာကို အောက်တိန်း (၉၂) က ၂,၂၅၅ ကျပ်၊ အောက်တိန်း (၉၅) က ၂,၃၀၀ ကျပ် ရှိပါတယ်။ အလားတူ ဒီဇယ် (ရိုးရိုး) က ၂,၁၃၀ ကျပ်နဲ့ ဒီဇယ် (ပရီမီယံ) က ၂,၂၁၀ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013