
အီရန်နဲ့ပတ်သက်တဲ့ ပြဿနာတွေမှာ စစ်ရေးအရ ဖြေရှင်းလို့မရဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ်အာရက်ချီက မေ ၁၄ ရက်မှာ အလေးအနက် မှတ်ချက်ပြုပြောလိုက်ပါတယ်။
တီဟီရန်အစိုးရ အနေနဲ့ ဖိအားပေးတာ၊ ခြိမ်းခြောက်တာတွေကို ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူးလို့လည်းဝန်ကြီး အက်ဘာ့စ် အာရက်ချီက အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
အီရန်အနေနဲ့ သူတို့ရဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အင်အားအပြည့်နဲ့ ခုခံကာကွယ်ဖို့ အသင့်ရှိနေသလို၊ တဖက်မှာလည်း သံတမန်ရေးလမ်းကြောင်းကို အပြည့်အဝ ဆက်လက်ဆုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။
ဒေသတွင်း မတည်ငြိမ်မှုဟာ ပါဝင်ပတ်သက်သူအားလုံးအတွက် အရှုံးနဲ့သာ ရင်ဆိုင်ရမဲ့ (Lose-Lose) အခြေအနေမျိုးဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။
တချိန်တည်းမှာပဲ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်ဟာ BRICS အစည်းအဝေးရဲ့ ပြင်ပမှာ အာရက်ချီနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဆာဂီလာ့ဗရော့ဗ်က အီရန်နဲ့ အမေရိကန်ကြား ၂ ဦး ၂ ဖက် လက်ခံနိုင်မဲ့ အဖြေရှာနိုင်ဖို့အတွက် ရုရှားက ကူညီပေးဖို့ အသင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ အီရန်-အမေရိကန်ကြား ဘက်စုံ သဘောတူညီချက် တခုရရှိစေဖို့ သံတမန်ရေး ကြိုးပမ်းမှုတွေကို မပျက်ပြားအောင် တားဆီးဖို့ လိုအပ်ကြောင်းလည်း သူက အလေးပေး ပြောပါတယ်။
ကြာသပတေးနေ့မှာပဲ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာဟီရ် အန်ဒရာဘီ က အီရန်နဲ့ အမေရိကန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ခုထက်ထိ တည်မြဲနေဆဲ ဖြစ်ကြောင်းနဲ့ ပါကစ္စတန်အနေနဲ့ ကြားဝင်စေ့စပ်ပေးသူအဖြစ် သက်ဆိုင်ရာ ဆွေးနွေးဖက်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ တပ်မှူး ဘရက်ဒ် ကူးပါးကတော့ အမေရိကန်အနေနဲ့ အီရန်အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အခြေအနေတွေ ပိုဆိုးလာနိုင်ရင်လည်း ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ အမေရိကန်လွှတ်တော်ရှေ့မှောက်မှာ ပြောပါတယ်။
တချိန်တည်းမှာပဲ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်က အီရန်အပေါ် စစ်ရေး ရည်မှန်းချက်တွေ မပြီးမြောက်သေးတာကြောင့် စစ်ဆင်ရေးတွေကို မကြာခင် ပြန်လည်စတင်ဖို့ လိုအပ်လာနိုင်တဲ့အတွက် အစ္စရေးအနေနဲ့ ပြင်ဆင်ထားတယ်လို့ ပြောကြားပါတယ်။
ဗုဒ္ဓဟူးနေ့ကတော့ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က ပြောကြားရာမှာ အီရန်နဲ့ ဆွေးနွေးမှုတွေဟာ တိုးတက်မှု ရှိနေပေမဲ့ အလွန်နုနယ်တဲ့ အခြေအနေမှာ ရှိနေသေးလို့ အသေးစိပ်ကို ထုတ်မပြောနိုင် သေးဘူးလို့ ဆိုပါတယ်။
အဓိက အရေးကြီးတဲ့အချက်ကတော့ "အီရန်မှာ နျူကလီးယားလက်နက် လုံးဝမရှိစေရဘူး" ဆိုတဲ့ သမ္မတရဲ့ သတ်မှတ်ချက်ကို ပြည့်မီဖို့အတွက် ဆွေးနွေးမှုတွေက လုံလောက်တဲ့ တိုးတက်မှု ရှိ၊ မရှိ ဆိုတာပဲ ဖြစ်တယ်လို့ ဗန့်စ်က အလေးပေး ပြောပါတယ်။
Source:Reuters










