ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုဒေသမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တာကြောင့် နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်မှာ ထွက်ပြေးခိုလှုံလာတဲ့ မြန်မာ စစ်ဘေးဒုက္ခသည်ပေါင်း ၆၀၀၀ အထိ ရှိလာပြီလို့ ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။
မြဝတီမြို့မြောက်ဘက် ရွေကုက္ကိုမြို့အနီး ထီးကြားရာရွာနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF၊ KNLA- PC ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံ BGFတပ်တွေ မနေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲမှာ KNLA ပူးပေါင်းတပ်တွေဘက်က ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦးကတော့ ကျဆုံးသွားသလို BGFနဲ့ စစ်ကောင်စီတပ်တွေဘက်မှာတော့ တိုက်ပွဲဖြစ်နေရာမှာ အယောက် ၃၀ ထက်မနည်းသေဆုံးသွားပြီး မဲဆောက်ဆေးရုံကို ၃ ဦးပို့ဆောင်ထားရပါတယ်။
ဧပြီ ၄ ရက်ကနေစတင်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားရာ ဒေသခံပြည်သူတွေ ထိုင်းနိုင်ငံနယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြရတာပါ။
ရွှေကုက္ကိုမြို့သစ်မှာ မနေ့ မနက်ပိုင်းက စတင်ကာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းကို ထွက်ပြေးလာပြီး စစ်ဘေးရှောင်လာသူတွေကို ထိုင်းအစိုးရက တာ့်ခရိုင်၊ သက္ကယ၊ သဲပုံဂိတ်၊ ဟွေးကလုပ်နဲ့ ဝမ်ဖာကျေးရွာရှိ ရာဘာခြံတွေနဲ့ နွားမွေးမြူရေးခြံတွေမှာ ယာယီနေထိုင်ခွင့် ပြုထားပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာတွေက အဝတ်အစား၊ ပဲနို့၊ ထမင်းဘူးနဲ့ ရေသန့်ကတ်တွေကို တက်နိုင်သလောက် စုပေါင်းကူညီပေးနေရတယ်လို့ သိရပါတယ်။