မြန်မာနိုင်ငံပြည်နယ်နဲ့ တိုင်းဒေသကြီးအများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး မတ် ၂၇ ရက်အထိ နိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ၊ မိုးညှင်းမြို့နယ်အတွင်း ပေါက်ကွဲမှုတွေနဲ့ ဖားကန့်၊ ရွှေကူနဲ့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးတာတွေ နဲ့ အရပ်သား ဖမ်းဆီးစစ်ဆေးမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ရွှေကူမြို့နယ်တွင်း ကျေးရွာအများအပြားက အရပ်သား ၁,၃၀၀ ကျော်ဟာ မတ်လအစောပိုင်းကတည်းက အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ယာယီစခန်း ၁၀ ခုနဲ့ အနီးအနားက တောတောင်တွေထဲမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
သူတို့ဟာ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြားလူ့အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဖြစ်ပေါ်လာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်နေကြတယ်လို့ UNOCHA က ပြောပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။